“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

Published on Oct 19, 2024

“ကျဟန်ပြပြီး ပြန်တက်လာတဲ့ ရွှေဈေး”

 

ဒီတစ်ပတ်ရွှေဈေးဟာ အကျနဲ့ ဖွင့်လာခဲ့ပေမဲ့ တက်ဈေးနဲ့ ပိတ်သွားတာတွေ့ရပါတယ်။

 

သီတင်းကျွတ်ကာလ ရုံးပိတ်ရက်တွေ ရှိနေလို့ အရောင်းအဝယ်အေးနေပေမဲ့ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်နေတာကြောင့် ပြည်တွင်းဈေးက မကျဘဲ ပြန်တက်လာခဲ့တာဖြစ်ပါတယ်။

 

အမြင့်ဈေးနဲ့ လည်ပတ်နေတဲ့ ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင်ဈေးအနေနဲ့ ဒီတစ်ပတ်စနေနေ့ ဈေးကွက်အပိတ်နေ့မှာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၇၂၀ ကျော်အထိ မြင့်တက်ခဲ့တာပါ။

 

ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စ ကန်ဒေါ်လာ ၂၆၅၀ ဝန်းကျင်ကနေ တဖြည်းဖြည်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တစ်ပတ်အတွင်း တစ်အောင်စကို ကန်ဒေါ်လာ ၇၀ ဝန်းကျင်အထိမြင့်တက်လာခဲ့တာတွေ့ရပါတယ်။

 

ဒါကြောင့် ပြည်တွင်းရွှေဈေးဟာလည်း တစ်ပတ်အတွင်း ကျပ် ငါးသောင်းနဲ့ တစ်သိန်းကြား နေ့စဉ်အတက်အကျဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်အတွင်း နှိုင်းယှဉ်ပါက အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို တစ်သိန်းကျပ်အထိမြင့်တက်သွားတာဖြစ်ပါတယ်။

 

ဒီတစ်ပတ် အနိမ့်ဆုံးဈေးအနေနဲ့ အောက်တိုဘာ ၁၇ ရက် ကြာသာပတေးနေ့မှာ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၆၁ သိန်း ငါးသောင်းကို ကျဆင်းခဲ့ပေမဲ့ ဈေးကွက်အပိတ်နေ့ စနေမှာတော့ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၆၃ သိန်း ငါးသောင်းအထိ မြင့်တက်ခဲ့ပါတယ်။

 

ဒီတစ်ပတ်ထဲ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ စနေနေ့ဈေးနှုန်းကတော့ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ် ၅၄ သိန်းစွန်းစွန်းပဲ သတ်မှတ်ထားတာတွေ့ရပါတယ်။

 

Source – Myanmar Market Price