မီဇိုရမ်၊ လောက်တလိုင်ခရိုင်က မြန်မာပြည်ဘက်ကို ကုန်စည်သယ်ယူခွင့် ပိတ်ထားတဲ့အတွက် AA ထိန်းချုပ်နယ်မြေမှာ ကုန်စည်အဝင် ရပ်တန့်

Author CJ Platform
Categories
Published on May 20, 2025

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်က မြန်မာပြည်ဘက် ကုန်စည်သယ်ခွင့်ကို မေလ ၁၆ ရက်နေ့မှစ၍ ပိတ်ထားတဲ့အတွက် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ ၁၅ မြို့နယ်မှာ ကုန်စည်အဝင် လုံးဝရပ်တန့်သွားတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

 

အိန္ဒိယ-ပါကစ္စတန်နယ်စပ်အရေး အငြင်းပွားမှုကြောင့် အိန္ဒိယပြည်မဘက်က ကုန်စည်တွေ လောက်တလိုင်ခရိုင်ထဲ အဝင်ရပ်တန့်သွားပြီး ပြည်သူတွေ စားသောက်ရေးမှာ အခက်မတွေ့စေဖို့ မြန်မာဘက်ကို ကုန်စည်သယ်ယူခွင့် ပိတ်ထားတာကြောင့် AA ထိန်းချုပ်နယ်မြေမှာ အခုလို ကုန်စည်အဝင် ရပ်တန့်ရတာ ဖြစ်ပါတယ်။

 

” အခုနယ်စပ်တစ်လျောက်မှာလည်း တာဝန်ရှိသူတွေက ကုန်စည်သယ်ယူတာနဲ့ ပတ်သက်ပြီး ဂိတ်တွေဖွင့်လှစ်ပြီး လုံခြုံရေးတင်းကြပ်ပြီးတော့ စစ်ဆေးနေပါတယ်။ အခုလိုပိတ်လိုက်တော့ ရခိုင်ဘက် မည်သည့်ကုန်စည်အဝင် လုံးဝ မရှိတော့ဘဲ ရပ်တန့်လိုက်ရပြီ။ လောက်တလိုင်ခရိုင်မှာ ကျန်နေတဲ့ ဝယ်ပြီးသား ကုန်စည်တွေလည်းထုတ်ဖို့ ခက်ခဲနေပါတယ်”လို့ ကျောက်တော်မြို့နယ်မှ ကုန်သည်တစ်ဦးက CJ Platform ကို ပြောသည်။

 

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် တိုက်ပွဲဖြစ်ပွားပြီးကတည်းက စစ်ကောင်စီတပ်က ကုန်စည်စီးဆင်းမှုကို ဒီကနေ့ထိ ပိတ်ထားဆဲဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးကို ပလက်ဝ-လောက်တလိုင်နယ်စပ်ကနေ ဝယ်ယူတင်သွင်းနေရပါတယ်။

 

ပလက်ဝ-လောက်တလိုင်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇင်ဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ငရုတ်သီး၊ မုန့်မျိုးစုံ၊ အိမ်သုံးပစ္စည်း၊ ပရိဘောဂ စတဲ့ တခြားကုန်စည်တွေကို  ကုန်သည်တွေက ဝယ်ယူပြီး AA ထိန်းချုပ်နယ်မြေက မြို့နယ်တွေမှာ လက်လီ၊ လက်ကား ရောင်းဝယ်ဖြန့်ချိနေကြပါတယ်။

 

လောက်တလိုင်ခရိုင်က မြန်မာပြည်ဘက်ကို ကုန်စည်သယ်ယူခွင့် ပိတ်ထားလိုက်တဲ့အတွက် ရခိုင်ပြည်နယ်မှာ ကုန်စည်တွေပြတ်လပ်ပြီး ကုန်စျေးနှုန်းတွေ မြင့်တက်လာနိုင်ကာ စားဝတ်နေရေး ပိုမိုကြပ်တည်းလာနိုင်တယ်လို့ သိရပါတယ်။

 

“ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက် ကျတော်တို့ရဲ့ တစ်ခုတည်းသော ကုန်စည်စီးဆင်းမှု လမ်းကြောင်းက ပလက်ဝ-လောက်တလိုင်နယ်စပ်ဂိတ်ဖြစ်လာတယ်။ လက်ရှိမှာတော့ ကုန်စည်ပြတ်လပ်တာ၊ ကုန်စျေးနှုန်းမြင့်တက်တာတွေမရှိသေးဘူး။”လို့ အသက် ၄၀ နှစ်အရွယ် ရသေ့တောင်မြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လောက်တလိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့က မြန်မာပြည်ဘက်ကို မည်သည့်အချိန်ကြာထိ ကုန်စည်သယ်ယူခွင့် ပိတ်ပင်ထားမည်ကို ထုတ်ပြန်ထားခြင်းမရှိပေမဲ့ ကာလကြာမြင့်ကြာစွာ ပိတ်ပင်ထားမှာကို ရခိုင်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

 

လောက်တလိုင်ခရိုင်အတွင်းရှိ ကုန်သွယ်မှုလိုင်စင် ကိုင်ဆောင်သူတွေအနေနဲ့ မည်သည့် ကုန်စည်မျိုးမှ မြန်မာပြည်ဘက်ကို သယ်ဆောင်ခွင့် ပြုမှာမဟုတ်သလို စျေးဆိုင်ပိုင်ရှင်တွေကိုလည်း စျေးကွက်စစ်ဆေးရေးမှူးကစုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမယ်လို့ မေလ ၁၆ ရက်နေ့မှာ လောက်တလိုင် ခရိုင်ရုံးက ထုတ်ပြန်ထားပါတယ်။

 

အဲဒီထုတ်ပြန်ထားတဲ့ မေလ ၁၆ ရက်နေ့ကစပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ အမိန့်ကို နာခံရမှာဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိသူတွေကို ကုန်သွယ်ခွင့်လိုင်စင်ရုတ်သိမ်းသွားမယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ပလက်ဝ-လောက်တလိုင်နယ်စပ်ဂိတ်ကို တွေ့မြင်ရပုံ (ပုံဟောင်း)

Related News

Depend on news