ပျဉ်းမနားစစ်ကြောင်းမှူး ဖြစ်စဉ်အတွက် အရေးယူမှုပြီးဆုံးသည်အထိ ဆောင်ရွက်သွားမယ်လို့ နေပြည်တော် PDF အသိပေး

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းနဲ့ပတ်သတ်ပြီး မဟာမိတ်ညီနောင်အဖွဲ့အစည်းတွေရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ မတ်လ ၁၈ ရက်နေ့က ကယန်းပြည်သစ်တပ်မတော်နဲ့ နေပြည်တော် PDF တို့ကြား
သဘောတူညီချက် ၅ ချက်ရရှိခဲ့ပြီး အရေးယူမှုပြီးဆုံးတဲ့အထိ ဆောင်ရွက် သွားမယ်လို့ နေပြည်တော် PDF က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
ကယန်းပြည်သစ်တပ်မတော်ကနေ နေပြည်တော်တိုင်း စစ်ဦးစီးအဖွဲ့ဆီ ရဲဘော်ကိုစိုင်းရဲ့ 9 mm Pistol တစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံး နဲ့ icom စကားပြောစက် တို့ကို ပြန်လည်အပ်နှံခဲ့ပြီး တော်လှန်ရေး မဟာမိတ်ညီနောင်အဖွဲ့အစည်းများရှေ့မှာ ဆွေးနွေးညှိနှိုင်းခဲ့တာလို့ သိရပါတယ်။
တော်လှန်ရေးအကျိုးစီးပွားကိုရှေးရှုကာ အသေးအဖွဲကိစ္စများမှအစ အလျှင်အမြန်ညှိနှိုင်းဆောင်ရွက်ပြီး စစ်ရေးအရပူးပေါင်းဆောင်ရွက်နိုင်တဲ့အထိ ယုံကြည်မှုတည်ဆောက်ကြဖို့ အပါအဝင် အချက် ငါးချက်ကို သဘောတူခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
ပြစ်မှုနဲ့သက်ဆိုင်တဲ့ ပါဝင်ပတ်သတ်သူတွေကို ဖော်ထုတ်အရေးယူပြီး နှစ်ဖက်အဖွဲ့အစည်း၊ မဟာမိတ်တပ်ပေါင်းစုများရှေ့မှာ ကယန်းပြည်သစ်တပ်မတော်က ပွင့်လင်းမြင်သာစွာ ချပြရမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အလားတူဖြစ်ရပ်တွေမဖြစ်ပေါ်ဖို့ အောက်ခြေတပ်မှူးတွေအထိ ခိုင်မာတဲ့ယုံကြည်မှု ရှိစေပြီး နောင်ကာလတွေမှာ နှစ်ဖက်အဖွဲ့အစည်းများမှ လက်နက်အသုံးပြုပဋိပက္ခမဖြစ်ရေးကို အပြည့်အဝ တာဝန်ယူကြဖို့ ကတိပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူးရဲဘော်ကိုစိုင်း ဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူတွေကို တရားမျှတစွာထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်ဖို့နဲ့ အရေးယူမှုပြီးဆုံးတဲ့အထိ ဆက်လက်ကြိုးစား ဆောင်ရွက်သွားမယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် နေပြည်တော်တိုင်းစစ်ဌာနက အသိပေးထားပါတယ်။
ကယန်းပြည်သစ်တပ်မတော်မှ တပ်စုမှူး နယ်မြေဝင်ရောက်ရှင်းလင်းရင်း မတော်တဆမိုင်းနင်းမိပြီး ကျဆုံးသွားတဲ့အပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာနက အထူးဝမ်းနည်းရပါတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။
ရဲဘော်ကိုစိုင်းကို ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားခဲ့ရာက ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာမှာ ပြီးခဲ့တဲ့ မတ်လ ၁၃ရက်နေ့မှာ ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြန်လည်ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်