စစ်ရှုံးနေတာကို ရှက်ရမ်းရမ်းပြီး မူးယစ်ဂိုဏ်းဖမ်းမိတာနဲ့ မဆီမဆိုင်လာစွပ်စွဲနေတယ်လို့ AA ပြော

Author CJ Platform
Categories
Published on Mar 20, 2025

စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖမ်းမိခဲ့တဲ့ မူးယစ်ဂိုဏ်းတစ်ခုက မူးယစ်ဆေးဝါးဖမ်းမိတာနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် AA နဲ့ပတ်သက်တယ် မဆီမဆိုင် အတင်းစွပ်စွဲတာဟာ စစ်ရှုံးနေတာကို ရှက်ရမ်းရမ်းပြီး ယုတ္တိလုံးဝမရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ အာရက္ခတပ်တော် AA မှ မနေ့ညက ထုတ်ပြန်လာပါတယ်။

 

စစ်ကောင်စီအနေနဲ့ AA ကို စစ်ရေးအရရှုံးနိမ့်နေတဲ့ ကာလမှာ ပြည်တွင်းသာမက အိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာအလယ်မှာ အရှက်ရနေချိန် အငြိုးအတေးကြီးစွာနဲ့ နိုင်ငံရေးသိက္ခာချလိုတာကြောင့် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ကရင်အမျိုးသားးအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO)၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အစရှိတဲ့ တော်လှန်ရေးအင်အားစု တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ရေးအရ အရေးနိမ့်နေချိန်မှာ နိုင်ငံရေးအောက်လုံး၊ ထိုးနှက်ချက်၊ သိက္ခာချမှုတွေကို အချိန်ကိုက်ပြုလုပ်လေ့ရှိတာဟာ စစ်ကောင်စီတစ်ဖြစ်လဲ စစ်အစိုးရအဆက်ဆက်ရဲ့ လုပ်နေကျအကျင့်နဲ့ လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေး ယုတ်မာမှုပဲဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

 

ဒုစရိုက်မှုတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေအပြင် အွန်လိုင်း လိမ်လည်လောင်းကစား (ကျားဖျန့်)ကိစ္စတွေမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ ကြီးစိုးထိန်းချုပ်ရာ နယ်မြေတွေမှာသာအဓိက တွေ့ရပြီး လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု စတဲ့ကိစ္စရပ်တွေအပြင် အကျင့်ပျက် အဂတိလိုက်စားပြီး လာဘ်ပေးလာဘ်ယူ ပြုလုပ်နေတာမှာ စစ်ကောင်စီရဲ့ စစ်ဗိုလ်ချုပ်ကြီးများ ပါဝင်ပတ်သက်နေတာကို ငြင်းမရတဲ့ သက်သေအထောက်အထားများနဲ့ ကမ္ဘာသိပင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

အခုလို မူးယစ်ဆေးဝါးကိစ္စရပ်တွေနဲ့ အတင်းဆက်စပ်ပြီး သတင်းရေးသားထုတ်ဝေနေတာဟာ စစ်အစိုးရ အဆက်ဆက် သတင်းအမှားအမျိုးမျိုးနဲ့ လုပ်ကြံဖန်တီးပြီး ၎င်းတို့ရဲ့ သတင်းမီဒီယာ၊ ရုပ်သံတွေကနေ ဆယ်စုနှစ်ပေါင်းများစွာ ထုတ်လွှင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း  ရေးသားထားပါတယ်။

 

လက်ရှိအချိန်မှာလည်း စစ်ကောင်စီဟာ နိုင်ငံအနှံ့အပြားမှာ စစ်ရေးအရအရေးပါတဲ့ တိုင်းစစ်ဌာနချုပ်တွေ၊ ဗျူဟာစခန်းတွေ၊ တပ်မ၊ တပ်ရင်းဌာနချုပ်တွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေရတဲ့ အချိန်မှာ နိုင်ငံရေး အောက်လုံးများနဲ့ အချိန်ကိုက်ထိုးနှက်တိုက်ခိုက်တဲ့ လုပ်ရပ်၊ နိုင်ငံရေးသိက္ခာချတဲ့လုပ်ရပ်ဖြစ်တဲ့အပြင် ၎င်းတို့ အထင်အရှားကျူးလွန်နေတဲ့ ပြစ်မှုတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပေါ် အပြစ်လွှဲချသောလုပ်ရပ်များသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေ သတင်းစာတွေကနေ AA စီးပွားရေးတာဝန်ခံ တစ်ဦးကတဆင့် ဆက်စပ်တဲ့သူတွေဆီကနေ တန်နဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စွပ်စွဲ ထုတ်ပြန်ထားပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပေါ် မူးယစ်ဆေးဝါးဖမ်းမိတဲ့ ကိစ္စနဲ့ အတင်းဆက်စပ်ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲနေတာသာဖြစ်ပြီး ဘယ်လိုမှ ဆက်စပ်မှုမရှိဘူးဆိုတာကို အခိုင်အမာ ပြောကြားတယ်လို့ ငြင်းဆိုထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

ပုံစာ – စစ်ကောင်စီက ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါ ဖမ်းမိသည့် သတင်းပုံ