ကရင်နီပြည်မှာ စစ်ဘေးရှောင်တွေ စစ်ကောင်စီအန္တရာယ်ကြောင့် သောက်သုံးရေ ပိုမို ခက်ခဲလာနေ

Author CJ Platform
Categories
Published on Mar 20, 2025

ကရင်နီပြည်မှာရှိတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ နွေရာသီကာလအတွက် သောက်သုံးရေ ရှားပါးလာနေပြီး စစ်ကောင်စီရဲ့ အန္တရာယ်တွေကြောင့် သောက်သုံးရေရရှိဖို့ ခက်ခဲလာနေတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေဆီက တစ်ဆင့် သိရပါတယ်။

 

စစ်ဘေးရှောင်တွေဟာ ရေရရှိတဲ့ နေရာတွေမှာ နေထိုင်လို့မရပဲ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးနေခြင်း တပ်အထိုင်ချထားခြင်းနဲ့ မိုင်းထောင်ထားခြင်းတွေကြောင့် ရေရရှိဖို့ ခက်ခဲလာကာ သောက်သုံးရေ ပြတ်လပ်လာပြီး အခက်အခဲများစွာ ကြုံနေရတယ်လို့ ဆိုပါတယ်။

“ မိုးရာသီမှာ မိုးရေအားကိုးလို့ရပေမဲ့ မိုးကုန်တာနဲ့ ရေရှားပါတယ်။ ရေလှောင်ထားဖို့ ရေလှောင်ကန်တွေလဲ မရှိကြဘူး။ မိုးကာရေကန်နဲ့မို့ ကြွက်တွေပိုးမွှားတွေ ကိုက်ဖျက်လို့ ပျက်စီးကြရတာ များတယ်” လို့ စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်လာတာနဲ့အတူ ရေဝယ်ယူရတာတွေပါ ဈေးမြင့်လာတာကြောင့် စစ်ရှောင်တွေအနေနဲ့ ဝယ်ယူမသုံးစွဲနိုင်တော့ဘူးလို့ သိရပါတယ်။

 

စစ်ရှောင်စခန်းအများစုမှာ ဘုံရေလှောင်ကန်ရှိပေမဲ့ မျှဝေသုံးစွဲနိုင်ဖို့ မိသားစုတစ်စုကို ငါးဂါလံပုံး တစ်ပုံး/နှစ်ပုံးသာ ခပ်ခွင့်ရတယ်လို့ စစ်ဘေးရှောင်နေသူတစ်ဦးဆီကနေ သိရပါတယ်။

 

ကရင်နီမှာ စစ်ကောင်စီကြောင့် မြစ်ချောင်းတွေနဲ့ နီးရာနေရာတွေမှာ စစ်ရှောင်လို့ မရပဲ ရေအရင်းအမြစ်ရှားပါးတဲ့ တောင်ပေါ်ဒေသတွေမှာသာ စစ်ဘေးရှောင်နေရတာကြောင့် စစ်ရှောင်စခန်း အများစုကတွင်းရေ၊ ချောင်းရေ၊ တောင်ကျရေတွေကိုသာ အားထားအသုံးပြုရပြီး အဝီစိတွင်းတူးနိုင်ဖို့ အခက်အခဲရှိနေတာပါ။

 

ရေအလှူပေးတဲ့ မြေပြင်အဖွဲ့တွေအနေနဲ့ ကြိုးစားရေဖြန့်ဝေကြပေမဲ့ စစ်ရှောင်စခန်းတွေ တိုးလာတဲ့အပြင် စစ်ရှောင်လူဦးရေလည်း တိုးလာတာကြောင့် ရေမလုံလောက်မှုက ပိုဆိုးလာတယ်လို့ သိရပါတယ်။

 

“ကျမတို့အဖွဲ့ကလဲ ရတဲ့အလှူငွေ နည်းနည်းနဲ့ ရေကြိုးစားပို့နေပါတယ်။ ပါဝင်လှူဒါန်းချင်သူများကိုလဲ ဖိတ်ခေါ်ချင်ပါတယ်” လို့ စစ်ရှောင်စခန်းတွေကိုရေလှူပေးနေတဲ့ Freelance Volunteer Myanmar ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ရေအလှူအတွက် ပါဝင်လှူဒါန်းလိုပါက Freelance Volunteer Myanmar ရဲ့ Facebook Page ကနေ ဆက်သွယ်လှူဒါန်းပေးကြဖို့ တိုက်တွန်းလိုပါတယ်လို့ လည်း သူမကဆက်ပြောပါတယ်။

 

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ကရင်နီပြည်မှာ စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး လူဦးရေထူထပ်လာပြီး တောမီးရှို့တာ၊ ထင်းမီးသုံးတာ၊ တဲအိမ်ဆောက်ဖို့ သစ်ဝါးခုတ်တာတွေကြောင့် သဘာဝသယံဇာတပြုန်းတီးလာတဲ့အတွက် ရေပိုမိုရှားပါးလာတာလည်း ဖြစ်နိုင်တယ်လို့ စစ်ရှောင်သူတစ်ဦးက သုံးသပ်ပါတယ်။

 

ကရင်နီပြည်မှာ စစ်ဘေးရှောင်စခန်းပေါင်း ၃၀၀ နီးပါးရှိပြီး လူဦးရေ ၂ သိန်းကျော်ခန့် စစ်ဘေးရှောင်နေရတယ်လို့သိရပြီး ဖရူဆို ဒီမောဆိုအနောက်ခြမ်းတွေမှာပင် စခန်းပေါင်း ၁၅၀ ဝန်းကျင်နဲ့ လူဦးရေ ရှစ်သောင်းဝန်းကျင် နေထိုင်နေကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Freelance Volunteer Myanmar