မန္တလေး ချမ်းအေးသာစံမြို့နယ်မှာ မီးလောင်လို့ နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံး

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်ရပ်ကွက် လမ်း၃၀- ၃၁ လမ်းနဲ့ ၈၆ လမ်း- ၈၇ လမ်းကြားမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။
ခြင်ဆေးခွေထွန်းရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဒေသခံတွေက ပြောကြားခဲ့ပြီး မန္တလေး-ရမည်းသင်းကားဂိတ်အဖြစ် ပြုလုပ်ထားတဲ့ နေအိမ်ကနေ စတင်လောင်ကျွမ်းခဲ့ကာ နေအိမ် (၄) လုံးကို မီးကူးဆက်ခဲ့ပြီး မီနီအိုးဝေတစ်စီးလဲ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
“ ခြင်ဆေးခွေကနေလောင်တာ၊ အိမ်ကပ်လျှက်ဆိုတော့ လေးလုံးလောင်တယ်။ ဂတ်စ်အိုးတွေပါ ပေါက်တာ”လို့ ချမ်းအေးသာစံမြို့နယ်က အသက် ၅၀ကျော် အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
မနက် ၄ နာရီ လူအိပ်ချိန်ဖြစ်ပေမဲ့ မီးလောင်တဲ့ဖြစ်စဉ်အတွင်း အချိန်မီ တိမ်းရှောင်နိုင်ခဲ့တာကြောင့် လူသေဆုံး ထိခိုက်မှု မရှိဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။
မန္တလေး-ရမည်းသင်းကားဂိတ်မှူးကို မီးပေါ့ဆစွာ သုံးစွဲခဲ့တယ်ဆိုပြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၆) နယ်မြေရဲစခန်းမှာ (ပ-၁၉/၂၀၂၅) ပုဒ်မ (၂၈၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့