“ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဆင့်ထိရောက်လာနိုင်ခြေနည်းပါး

Published on Dec 20, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလကခန့်မှန်းထားပါတယ်။

 

မိုးအများဆုံးရွာသွန်းနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့ ချင်းပြည်မှာ ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၅ ရက်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၀ ဒသမ ၄ လက်မခန့်သာရွာသွန်းနိုင်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ်ဘက်မှာလည်း မိုးပါးပါးရွာသွန်းနိုင်ချေရှိပေမဲ့ မိုးများနိုင်မယ့်အခြေအနေကတော့ လျော့ကျသွားမှာဖြစ်တယ်လို့ သူက ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်ဆီ ရွေ့လျားနိုင်ပြီး နောက် (၁၂) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနဲ့ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ရောက်ရှိနိုင်ပြီး အဲဒီကတစ်ဆင့် မြောက်ယွန်းယွန်းကို ဦးတည်ပြီး (၃၆) နာရီအတွင်း အင်ဒရာပရာဒေ့ရှ်ကမ်းရိုးတန်းတလျှောက် ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

အဲဒီလေဖိအားနည်းရပ်ဝန်းက ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေကျဆင်းနေတာ၊ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ မြောက်ပိုင်းပင်လယ်ပြင်အထက် ပေ ၁၀,၀၀၀ ခန့်မှာ ဖြစ်ပေါ်နေတဲ့ လက်ယာရစ်လေစီးကြောင်း ရှိနေတာတွေကြောင့် အားပိုကောင်းလာနိုင်တဲ့ အခြေအနေမရှိတော့သလို မြန်မာနိုင်ငံဘက်မှာ မိုးရွာသွန်းနိုင်မယ့် အခြေအနေတွေလည်း လျော့ကျလာတာတွေ့ရတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒါကြောင့် ဒီဇင်ဘာလ လကုန်ရက်တွေအထိ ဘင်္ဂလားပင်လယ်အော်ဘက်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်လာနိုင်ချေမရှိတော့ဘူးလို့ ဆိုပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

 

Related News

Depend on news