ဟောလီးဝုဒ်လို တည်ဆောက်မယ်ဆိုတဲ့ မြန်မာရုပ်ရှင်မြို့တော်စီမံကိန်းကို ရင်းနှီးမြုပ်နှံလိုသူ မရှိ

ဟောလီးဝုဒ်လိုမျိုး တည်ဆောက်မယ်လို့ ကြွေးကြော်ထားတဲ့ မြန်မာနိုင်ငံက ရုပ်ရှင်မြို့တော်စီမံကိန်းကို ရင်းနှီးမြုပ်နှံလိုသူတွေမရှိတာကြောင့် ခြံပတ်လမ်းကလွဲပြီး ဘာမှ မတည်ဆောက်နိုင်သေးဘူးလို့ အနုပညာအသိုင်းအဝန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအနီးက မြေဧက (၂၀၀) ပေါ်မှာ အကောင်အထည်ဖော်မယ်ဆိုတဲ့ ရုပ်ရှင်မြို့တော်စီမံကိန်းကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ အလျှင်အမြန် အကောင်ထည်ဖော်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်တဲ့ အဲဒီစီမံကိန်းဟာ လက်ရှိအချိန်ထိ ခြံပတ်လမ်းဖောက်လုပ်ပြီးစီးတာကလွဲပြီး အခိုင်အမာ အဆောက်အအုံတွေ တစ်ခုမှ မတည်ဆောက်နိုင်သေးဘူးလို့ သိရပါတယ်။
“Master Plan ဆွဲပြီးတော့ လာရင်းနှီးဖို့ ခေါ်နေတာကြာပြီ ပါမယ့်သူတွေက ၁၁ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ပါဆိုတာကို အခုထိ ကျွန်တော်သိထားတာ နှစ်ယောက်ပဲရှိသေးတယ်၊ ဘယ်သူမှ စိတ်မဝင်စားကြဘူး”လို့ အနုပညာအသိုင်းအဝန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရုပ်ရှင်မြို့တော် စီမံကိန်းကို နှစ်၃၀စီမံကိန်းအနေနဲ့ အကောင်အထည်ဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ ဗီနိုင်းထောင် ကြော်ငြာတာ၊ ခြံပတ်လမ်းဖောက်လုပ်တာနဲ့ မိုးရာသီသစ်ပင်စိုက်ပွဲတော်တွေ ကျင်းပတာကလွဲပြီး အကောင်ထည်ဖော်ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ရုပ်ရှင်မြို့တော် စီမံကိန်းမှာ ရုပ်ရှင်ရိုက်ကွင်းအသုံးပြုနိုင်ဖို့ စတူဒီယိုတွေ၊ မြို့နယ်အသီးသီးက ထင်ရှားတဲ့နေရာတွေ၊ ကလေးကစားကွင်းတွေနဲ့ ရုပ်ရှင်ရုံတွေ၊ ဂေါက်ကွင်း၊ ကျေးရွာငယ်ပုံစံတွေနဲ့ စားသောက်ဆိုင်တွေကိုပါ ထည့်သွင်းတည်ဆောက်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။