အမေရိကန်မှာ နှစ်သစ်ကူးလူအုပ်ထဲ ထရပ်ကားနဲ့ ဝင်တိုက်လို့ ၁၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

Author CJ Platform
Categories
Published on Jan 02, 2025

အမေရိကန်ပြည်ထောင်စုက နယူးအော်လန်မြို့မှာရှိတဲ့ ဖရန့်ကွာတားရပ်ကွက်မှာ ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာ နှစ်သစ်ကူးပျော်ပွဲပြုလုပ်နေကြတဲ့ လူအုပ်ထဲကို ပစ်ကပ်ထရပ်ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူ ၁၅ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

 

သံသယတရားခံဟာ အသက် ၄၂ နှစ်အရွယ် အမေရိကန်စစ်တပ်က စစ်ပြန်တစ်ဦးဖြစ်ပြီး ရှမ်ဆဒ်ဒင်ဂျဘာ ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ သူဟာ လူအုပ်ကို ကားနဲ့ ဝင်တိုက်ပြီးတဲ့နောက် ရဲတပ်ဖွဲ့နဲ့လည်း အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ အသေပစ်ခတ်ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။

 

ဖြစ်စဉ်ဟာ ပျော်ပွဲရွှင်ပွဲတွေကြောင့် ကမ္ဘာ့လှည့်ခရီးသွားတွေကြား ထင်ရှားတဲ့ ကန်နယ်နဲ့ ဘာဘွန်း လမ်းဆုံမှာ  ‌ဒေသစံတော်ချိန် မနက် ၃ နာရီ ၁၅ မိန်စဝန်းကျင်မှာ ဖြစ်ပွားခံတာလို့ သိရပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရသူတွေကတော့ ထရပ်ကားဟာ လူအုပ်ကြားထဲကို အရှိန်နဲ့ ဝင်တိုက်ခဲ့ပြီးနောက်မှာ သေနတ်ပစ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။

ထရပ်ကားပေါ်မှာ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ ISIS ရဲ့ အလံကိုပါ လွှင့်ထားခဲ့တာကြောင့် အာဏာပိုင်တွေကတော့ အကြမ်းဖက် လုပ်ရပ်အဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကလည်း သံသယတရားခံ ဂျဘာဟာ တစ်ဦးတည်းလုပ်ဆောင်တာလား ဒါမှမဟုတ် အခြားကြံရာပါတွေရှိသေးလား ဆိုတာကို အသေအချာသိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 

သံသယတရားခံ ဂျဘာသာ တက္ကဆက်ပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး အမေရိကန်စစ်တပ်မှာ ဝာာဝန်ထမ်းဆောင်ခဲ့ဖူးသလို  အဖဂန်နစ္စတန်မှာလည်း တာဝန်ကျဖူးတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ လတွေတုန်းက ISIS ကို လေးစားကြောင်းတွေကို လူမှုကွန်ရက်မှာ တင်ခဲ့သလို အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ ဆန္ဒရှိတယ်လို့လည်း တင်ထားဖူးပါတယ်။

 

အခုလိုမျိုး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နှစ်သစ်ကူးတဲ့နေ့မှာ ကျင်းပမယ့် Sugar Bowl ကောလိပ် (အမေရိကန်) ဘောလုံးပွဲကိုလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အခုဖြစ်ရပ်ကို စက်ဆုပ်ဖွယ် လုပ်ရပ်အဖြစ် ရှုတ်ချထားပြီး တရားခံတွေကို အရေးယူနိုင်အောင် လုပ်ဆောင်မယ်လို့ ကတိပြုထားပါတယ်။

 

ဓာတ်ပုံ – REUTERS/Octavio Jones

 

ပုံစာ- အခင်းဖြစ်ပွားရာနေရာမှာ ရဲတပ်ဖွဲ့ဝင်နဲ့ မီးသတ်ကားတွေကို‌ တွေ့မြင်ရစဉ်

 

ကိုးကား- Reuters