၂၀၂၅ မှာ အယ်လ်နီညို၊ လာနီညာ၊ အိန္ဒိယနီညိုတို့ ဖြစ်နိုင်ခြေ နည်းလို့ ဦးဝင်းနိုင်ခန့်မှန်း “ဒီကနေ့ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Jan 02, 2025

“ဒီကနေ့ညနေအထိ မိုးလေဝသအခြေအနေ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရခိုင်ပြည်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ အများအားဖြင့် သာယာမယ်လို့ သိရပါတယ်။

 

အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေဖြစ်တဲ့ အယ်လ်နီညို၊ လာနီညာနဲ့ အိန္ဒိယနီညိုလို့ခေါ်တဲ့ ဖြစ်စဉ်များအားလုံးမရှိဘဲ ၂၀၂၅ ခုနှစ်အတွင်း ပုံမှန်မှာသာရှိနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

“ညအပူချိန်များ”

ဒေသအားလုံးနီးပါး ညအပူချိန်တွေကျဆင်းလာပြီး ညအပူချိန် ၂၀ ဒီဂရီ စင်တီကရိတ် အောက်ကို ကျဆင်းနိုင်မယ့် ဒေသတွေများလာမယ်လို့ ဦးဝင်းနိုင်က ဆိုထားပါတယ်။

 

ဒါပေမဲ့ မွန်းလွဲနဲ့ နေ့လယ်ပိုင်းအချိန်တွေမှာ တိမ်ကင်းစင်နေတဲ့အတွက် နေ့အပူချိန်တွေ မြင့်တက်လာနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်ကနေ တိမ်အသင့်အတင့်ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေတွေရှိနေပြီး အထက်ဘက်ကို တက်မလာနိုင်တော့တာကြောင့် အခါလွန်မိုးရွာနိုင်မယ့် အခြေအနေလည်း မရှိတော့ဘူးလို့ မိုးဇလ ဦဝင်းနိုင်က အသိပေးထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်၊ ချင်းပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Related News

Depend on news