လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ် အညာက ရေရှားတဲ့ ဒေသမှာ ရေတွင်းရေကန်လှူဒါန်း

Author မင်ထက်
Categories
Published on Jun 19, 2024

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ အညာဒေသရှိ စစ်ဘေး၊ မီးဘေးသင့် ရေရှားပါးတဲ့ အရပ်ဒေသအတွက် အဝီစိတွင်းအပြင် ရေဂါလံ ၃၅,၀၀၀ ဆန့် အုတ်ကန်တို့ကို ရေစက်ချလှူဒါန်းပေးခဲ့တယ်လို့ S&C မီးဘေးစစ် ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

 

အဲဒီလှူဒါန်းမှုကို S&C အဖွဲ့က မတည်ပြီး အလှူရှင်တွေ စုပေါင်းလှူဒါန်းခဲ့တာဖြစ်သလို လှူဒါန်းပွဲကို ကြွရောက်လာကြတဲ့ ပြည်သူလူထုအတွက် လက်ဖက်ရည်၊ မုန့်တွေနဲ့ ဧည့်ခံကျွေးမွေးပေးခဲ့တယ်လို့ သိရပါတယ်။

 

S&C အဖွဲ့ က ဦးဆောင်ပြီး ဒီပဲယင်းမြို့နယ်မှာ အခုလိုလှူဒါန်းမှုအပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ မွေးနေ့ပွဲ ၇ ပွဲ ကျင်းပခဲ့ပါတယ်။

“ဒီပဲယင်းက ကျေးရွာဒေသတစ်ခုစီမှာ တစ်ရွာကို မွေးနေ့ပွဲတစ်ပွဲစီနဲ့ ခုနစ်ရွာလုပ်ပေးခဲ့ပါတယ်” လို့ S&C တည်ထောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။

 

လူထုခေါင်းဆောင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ မြို့နယ်အတွင်း ပန်းသပိတ်ကျင်းပတာ၊ ဆွမ်းကပ် လှူဒါန်းတာတွေအပြင် အဟာရဒါန အစားအသောက် ကျွေးမွေးဧည့်ခံတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ -S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့