“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (မေ ၁၂ ရက်မှ ၁၈ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 19, 2024

“တစ်ကျပ်သား သိန်း ၅၀ကျော် နဲ့ စံချိန်တင် အခေါက်ရွှေဈေး”

 

ဒီတစ်ပတ်ရဲ့ စံချိန်တင် ကျပ်ငွေလဲလှယ်နှုန်းထက်တောင် ဩချရတာကတော့ ရွှေဈေးနှုန်းတွေပဲ ဖြစ်ပါတယ်။

 

မြန်မာပြည် ရွှေဈေးကွက်သမိုင်းမှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ တစ်ကျပ်သား သိန်း လေးဆယ် ထက်ကို ပိုပြီးတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားဟာ သိန်း ၅၀ ကျော်ခဲ့တာပါ။

 

ဒီလို စံချိန်တင်ဈေးကြောင့် ရွှေဈေးကွက်တွင်း ရောင်းသူ၊ဝယ်သူတွေ နည်းပါးနေကြပြီး ဝယ်ယူမဲ့သူတွေကို အကြံပြုဖို့ရာလည်း အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်တာကြောင့် အကြံပေးရခက်တဲ့အနေအထားမျိုးပါလို့ အမည်မဖော်လိုသူ ရွှေဈေးကွက်ကျွမ်းကျင်ပညာရှင် တစ်ယောက်က CJ Platform ကို ဆိုထားပါတယ်။

 

ကမ္ဘာရွှေဈေးဟာလည်း မြန်မာ့ရွှေနည်းတူ မြင့်တက်ခဲ့တာဖြစ်ပြီး တစ်အောင်စကို အမေရိကန် ၂၃၆၀ ဒေါ်လာကနေ ၅၃ ဒေါ်လာတိတိ မြင့်တက်ခဲ့ပါတယ်။

 

အလားတူ မြန်မာ့ရွှေအမျိုးအစားဖြစ်တဲ့ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားဈေးဟာ ၄၅ သိန်း ၇ သောင်း ၅ ထောင်ကျပ် ကနေ တစ်သိန်း ခြောက်သောင်း ငါးထောင် နှုန်းမြင့်တက်ခဲ့တာဖြစ်ပြီး ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားဈေးကလည်း ၄၈ သိန်း ၆ သောင်း ကျပ်မှ တစ်သိန်း ရှစ်သောင်းကျပ်တိတိ တိုးခဲ့တာပါ။

 

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YEGA)ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဈေးကွက်အပိတ်ဈေးအဖြစ် အကယ်ဒမီ မီးလင်းရွှေ(၁၆ ပဲရည်)တစ်ကျပ်သား ဈေးနှုန်းကို ၃၉ သိန်း ၉ သောင်း ၉ ထောင့် ၂ ရာကျပ်လို့ ဖော်ပြထားတာဖြစ်ပြီး မြေပြင်ဈေးကွက်နဲ့ ၁၀ သိန်း ၄ သောင်းကျော် ကွာဟနေပါတယ်။

 

မေလ တတိယ အပတ်ရဲ့ မြေပြင်ရွှေဈေးကွက် အပိတ်ဈေးနှုန်း တွေကတော့ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၇ သိန်း ၄ သောင်းကျပ်၊ ၁၆ ပဲရည် တစ်ကျပ်သား သိန်း ၅၀ နဲ့ ၄သောင်း ကျပ် နဲ့ ကမ္ဘာ့ရွှေတစ်အောင်စ ကို အမေရိကန် ၂၄၁၃ ဒေါ်လာဈေးရှိခဲ့ပါတယ်။