ဒေါ်ကြည်ပြာအမှု ဆုံးဖြတ်ချက်ကို သဘောမတူလို့ CDM တွေ CDM ထပ်လုပ်မယ်ဟုဆို

Author CJ Platform
Categories
Published on Feb 19, 2026

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့  NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ကို ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက တိုင်ကြားထားတဲ့ အမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ချမှတ်ခဲ့တဲ့ ဆုံး​ဖြတ်ချက်ကို လက်မခံနိုင်တာကြောင့် CDM လုပ်ဆောင်ထားသူ ပညာရေးဝန်ထမ်းအချို့နဲ့ ကျန်းမာရေးဝန်ထမ်းအချို့က NUG ကိုပါ CDM ထပ်လုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ CDM ကောင်စီတွေထံက သိရပါတယ်။

 

ဒေါ်ကြည်ပြာကို ဝန်ထမ်းဟောင်းတွေက တိုင်ကြားမှုမှာ ဒေါ်ကြည်ပြာအနေနဲ့ အပြစ်မရှိဘဲ ဝန်ထမ်းတွေအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံမှုမရှိတာကိုသာ တွေ့ရှိရတာကြောင့် ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာ သတိပေးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုး ထုတ်ပြန်လာခဲ့ပြီးနောက် အခုလို CDM ဝန်ထမ်းတွေက NUG ကိုပါ CDM လုပ်မယ်လို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

 

“ကျနော်တို့ တလရလုပ်ခဲ့တာ တရားမျှတဖို့ ဘက်လိုက်မှုမရှိစေဖို့၊ ဖြစ်ပါတယ်။ အခုက တလရ အစိုးရလို့ဆိုတဲ့သူတွေကိုယ်တိုင်က မတရား ဘက်လိုက်လာပြီမို့ NUG, MoE, He မှာ ပါဝင်နေကြတဲ့ ဆရာတို့ ဆရာမတို့အနေနဲ့ NUG ကို CDM လုပ်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ”လို့ CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

 

ဒေါ်ကြည်ပြာကို တိုင်ကြားထားသူတွေကလည်း အခုဆုံးဖြတ်ချက်အပေါ် အယူခံဆက်လက် ဝင်ရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

“ကျွန်တော်တို့ တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ယာယီရပ်နားခံထားရတဲ့ လူတွေကတော့ NUG ကို ပြတ်ပြတ်သားသား ဗြောင်ပြောပြီးတော့ ထွက်ခွာသွားဖို့ပဲ NUG ကို စွန့်ခွာဖို့ပဲ ရှိတော့တယ်ပေါ့လေ။ ဒီ ဒီလိုမျိုး ဒါကတော့ ကျောသားရင်သား ခွဲခြားတာ၊ သူ့လူ ကိုယ့်လူ၊ ငါတို့ ဟို နီးစပ်ရာ ဆရာတော် ခေါ်ထားတဲ့ ငါတို့လူကို ငါတို့ကာကွယ်တယ်ဆိုတဲ့ သဘော အပြည့်အဝ သက်ရောက်သွားပြီ ဖြစ်တဲ့အတွက် ပြီးတော့ ဒီဖြစ်စဉ်မှာလေ ဒီ အကြီးဆုံးသော ပုဂ္ဂိုလ်တွေ ပါဝင်ပြီးသားပေါ့လေ။ အစိုးရတစ်ရပ်ရဲ့ သမ္မတတို့ ဝန်ကြီးချုပ်တို့ကို လိပ်မူပြီး တိုင်ထား ဦးအောင်ကြည်ညွန့်တို့ ဒီ လွှတ်တော်ဥက္ကဋ္ဌတို့ကို လိပ်မူပြီး တိုင်ထားပြီးတော့ ဒီ ဝန်ကြီးချုပ်ရုံးဝန်ကြီး ကိုယ်တိုင် စစ်တဲ့ အမှုမျိုးဖြစ်တဲ့အတွက် ဘယ်ကိုမှလည်း ဆက် အယူခံဝင်စရာ အကြောင်းမရှိတော့တဲ့အတွက် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ သက်သေတွေကို ချပြပြီးတော့ ဒီကိစ္စက ဘယ်လိုထင်မှာလဲ၊ မှန်လား မှားလား ဆိုတာ လူထုဆုံးဖြတ်ဖို့ပဲ ကျွန်တော်တို့ ချပြပေးဖို့ ဖြစ်ပါတော့မယ်”လို့ တိုင်ကြားမှုမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

 

အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ အနေနဲ့လည်း သူ့ကို တိုင်ကြားထားသူတွေအပေါ် အပြန်လှန် တိုင်ကြားထားမှုရှိနေပြီး အဲဒီတိုင်ကြားထားမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို စုံစမ်းစစ်ဆေးနေတယ်ဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရဘက်က ထုတ်ပြန်လာတာ မရှိသေးပါဘူး။

 

ပုံစာ – စစ်အုပ်စုအာဏာသိမ်းယူမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်နေပုံ (ပုံဟောင်း)