မော်တင်ဘုရားပွဲ သွားရောက်သူအချို့ တည်းခိုခန်းခတွေ အလိမ်ခံရ

Author CJ Platform
Categories
Published on Feb 19, 2026

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ ကျင်းပနေတဲ့ မော်တင်စွန်းဘုရားပွဲကို သွားရောက်လည်ပတ်ကြသူအချို့မှာ တည်းခိုခန်းတွေ ကြိုတင်မှာယူထားပြီးနောက် အခန်းမရဘဲ လိမ်လည်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ဘုရားဖူးသွားရောက်သူနဲ့ ဒေသခံတွေဆီက သိရပါတယ်။

 

လူမှုကွန်ရက်တွေပေါ်မှာ တည်းခိုခန်းကြော်ငြာတွေကို ကြည့်ရှုပြီးနောက် ငွေကြိုလွှဲကာ အခန်းမှာယူထားသူတွေမှာ တည်းခိုခန်းကို ရောက်ရှိချိန် အခန်းခ ကြိုတင်ပေးသွင်းထားခြင်းမရှိဘဲ လိမ်လည်ခံရတာ၊ တည်းခိုခန်းအချို့မှာ ကြော်ငြာမှာ ဖော်ပြထားသလို အခန်းသန့်ရှင်းမှုမရှိတာတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

 

“သူ့ကိုယ်သူ တည်းခိုခန်းက ဝန်ထမ်းလိုလိုနဲ့ ကြော်ငြာပေးပြီး အခန်းကြိုမှာတာကို ငွေလိမ်သွားတယ်။ ဟိုရောက်တော့ ဖုန်းဆက်လို့လည်း မရဘူး။ ကြော်ငြာထဲမှာပါတဲ့ တည်းခိုခန်းကို သွားတော့လည်း သူတို့က ဘာမှ သိမနေဘူး။ ကျားဖြန့်တစ်မျိုးပဲ” လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဘုရားဖူးတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် တည်းခိုခန်းအချို့ဟာ လူမှုကွန်ရက်တွေပေါ်မှာ ကြော်ငြာချိန်မှာ ဓာတ်ပုံအတုတွေကို အသုံးပြုထားပြီး လက်တွေ့မှာ အခန်းမသန့်ရှင်းတာ၊ ကြော်ငြာချိန် ထည့်သွင်းပေးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ မပါဝင်တာပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

“အကောင်းဆုံးက ဟိုတယ်တွေရဲ့ မူရင်း Page ကို သေချာလိုက်ရှာပြီး ဘိုကင်လုပ်စေချင်တယ်။ အခုက TikTok ပေါ်မှာ တင်ထားတာတွေကို ကြည့်ပြီး အလိမ်ခံရတာ။ အခန်းမှာရင် Video Call ခေါ်ပြီး ဟိုတယ်ကိုပါ ပြခိုင်းတာ၊ အခန်းတွေကိုပါ လိုက်ပြခိုင်းတာမျိုး လုပ်ခိုင်းစေချင်တယ်။ ကျွန်တော်တို့ကတော့ လိုက်ပြပေးတယ်။ လိမ်စားသူတွေကြောင့် မော်တင် နာမည်ပျက်တယ်” လို့ မော်တင်စွန်းကမ်းခြေမှာ နှစ်ပေါင်းများစွာ တည်းခိုခန်း ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ရပ်ဝေးကနေ လာရောက်ရောင်းချတဲ့ ၁၂ ပွဲဈေးသည်တွေဆီမှာ အစားအသောက်နဲ့ လက်ဆောင်ပစ္စည်းတွေ မဝယ်ယူခင်မှာလည်း ဈေးနှုန်းကို ကြိုတင်မေးမြန်းဖို့ သူက ဆက်ပြီး အကြံပြုပါတယ်။

 

“ဟိုးအရင်က ဒေသက ဈေးသည်တွေများချိန် အခုလို ပြဿနာ မရှိဘူး။ အခုက ရပ်ဝေးက လာသူတွေမှာ မသိရင် ဈေးတင်ရောင်းတာမျိုး ရှိနေတယ်။ ကျွန်တော်တို့ ဘုရားပွဲရဲ့ ပုံရိပ် မထိခိုက်ရအောင် စေတနာနဲ့ အကြံပြုတာပါ” လို့ သူက ဆိုပါတယ်။

 

မော်တင်စွန်းဘုရားပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မတ် ၂ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

 

ပုံစာ – မော်တင်စွန်းဘုရားပွဲ ကျင်းပနေသည်ကို မြင်ရပုံ (ပုံဟောင်း)။