ဗိုလ်နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းချိန် ဒေါ်ကြည်ပြာ အမြဲတမ်းအတွင်းဝန် ပြန်ဖြစ်ပြီး ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာ သတိပေးခံရ
ဗိုလ်နဂါး စစ်အုပ်စုထံ ပူးပေါင်းသွားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်အပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်း ကာလရှည် တိုင်ကြားခံထားရတဲ့ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို အပြစ်မရှိကြောင်းနဲ့ ဝန်ထမ်းတွေကို ချိုသာစွာ ပြောဆိုဆက်ဆံဖို့ ပြင်းထန်စွာ သတိပေးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လာပါတယ်။
စစ်အုပ်စုက ဗိုလ်နဂါးဟာ မိသားစုဝင်တွေပါ ခေါ်ဆောင်လာပြီး လက်နက် ၅ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်၊ ညပိုင်းမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ စစ်အုပ်စုက ထုတ်ပြန်လာတဲ့ သတင်းဓာတ်ပုံတွေမှာတော့ ဗိုလ်နဂါးဟာ စစ်ဝတ်စုံကို အပြည့်အစုံဝတ်ဆင်ထားပြီး ခါးမှာ လက်နက်ငယ်တစ်ခုကိုလည်း ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ စစ်အုပ်စုရဲ့ စစ်ဥပဒေတွေကို နားလည်သူအချို့ကတော့ ဒါဟာ လက်နက်ချတာမဟုတ်ဘဲ ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှု ရှိနေတာဖြစ်တာကြောင့် အခုလို လက်နက်ကိုင်ဆောင်ထားနိုင်တာလို့ မှတ်ချက်ပြုနေကြပါတယ်။
ဗိုလ်နဂါးသတင်းထွက်ပေါ်ပြီး နာရီပိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်း ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း ၁၂ ဦးက အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို တိုင်ကြားထားမှုမှာ ဒေါ်ကြည်ပြာ အပြစ်ရှိတယ်လို့ သက်သေမပြနိုင်ကြောင်းနဲ့ စစ်ဆေးတွေ့ရှိချက်အရ ဝန်ထမ်းတွေကို ချိုသာစွာ ပြောဆိုဆက်ဆံဖို့ကိုသာ လိုအပ်ချက်အနေနဲ့ တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်လာကာ ဒေါ်ကြည်ပြာကိုလည်း ချိုသာစွာ ပြောဆိုဆက်ဆံဖို့ ပြင်းထန်စွာ သတိပေးတယ်လို့ အမိန့်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒေါ်ကြည်ပြာကို တိုင်ကြားသူ ဝန်ထမ်းဟောင်းများနှင့် ဆက်နွယ်တယ်လို့ ယူဆရတဲ့ “ကြည်ပြာ၏ အဂတိလိုက်စားမှုအား ဖော်ထုတ်သူများ” အမည်ရှိတဲ့ Facebook Page မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အခုလို အမိန့်ကြေညာချက်အပေါ် ကျေနပ်မှုမရှိကြောင်း ထုတ်ဖော်ရေးသားထားပါတယ်။
ဒေါ်ကြည်ပြာအပေါ် တိုင်ကြားသူတွေက ဝန်ကြီးချုပ်ရုံးအတွင်းမှာ ဒေါ်ကြည်ပြာအနေနဲ့ အမျိုးသားဖြစ်သူနဲ့ တူ ၂ ဦးကို ဝန်ထမ်းအဖြစ် ခန့်ထားမှုအပေါ် ထည့်သွင်းတိုင်ကြားထားတာကို တွေ့ရှိရပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အမိန့်ကြေညာချက်မှာတော့ ရုံးတစ်ခုအတွင်း ဆွေမျိုးအများစုကို နေရာပေးခန့်ထားမှုအပေါ် ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။
ဓာတ်ပုံ – ဒေါ်ကြည်ပြာ Facebook
