ချင်းတော်လှန်ရေး ၃၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၇၂ ဦး CNF ပြန်လွှတ်

Author CJ Platform
Categories
Published on Mar 19, 2025

ချင်းပြည်တော်လှန်ရေး (၃၇) နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၇၂ ဦးကို လွတ်ငြိမ်းချမ်းသားခွင့်ပြုလိုက်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF/CNA က မနေ့က ထုတ်ပြန်လာခဲ့ပါတယ်။

 

အဲဒီလို လွှတ်ပေးရာမှာ ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံပန်းတွေပါဝင်တယ်လို့ သိရပြီး အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထားသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

“တိုက်ပွဲမှာဖမ်းဆီးထားတဲ စစ်တပ်နဲ့ရဲတပ်ဖွဲ့၊ ပြစ်ဒဏ်ကျခံနေရတဲ့ ချင်းအမျိုးသားတပ်မတော်က တပ်ဖွဲ့ဝင်တွေ အရပ်ဖက်ပြည်သူတွေ ပါဝင်ပါတယ်”လို့ ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက CJ Platform ကိုပြောပါတယ်။

 

ချင်းအမျိုးသားတပ်မတော် CNA ပူးပေါင်းတပ်ဖွဲ့ ဝင်တွေဟာ အခု ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့တဲ့အပြင် စစ်သုံပန်း ၂၀ ဦးနဲ့ လက်နက်မျိုးစုံ ၈၀ ခန့်ကိုလည်း သိမ်းဆည်းရရှိတယ်လို့ ထုတ်ပြန်ချက်ထဲ ပါဝင်ပါတယ်။

 

ဒါ့အပြင် ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးနဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက် ရောက်မှုမှန်သမျှ အဆုံးသတ်ဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

 

မနက်ဖြန် ၂ဝ၂၅ ခုနှစ် မတ်လ(၂ဝ)ရက်နေ့ဟာ ချင်းအမျိုးသားတွေရဲ့ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့တဲ့ (၃၇)နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ဖြစ်ပါတယ်။

 

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံရေးတမန်ရေး လှုပ်ရှားမှုကိုလည်း အရှိန်တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ သိရပြီး စစ်ကောင်စီကြောင့် ဆုံးရှုံးခဲ့ရတဲ့ လူမှုဘဝပြန်လည်ထူထောင်ရေးအတွက်ကို နိုင်ငံတကာ အစိုးရအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက ပံ့ပိုးကူညီပေးကြဖို့ကိုလည်း ထုတ်ပြန်ချက်က တိုက်တွန်းထားပါတယ်။

 

တော်လှန်ရေးမှာ အသက်ပေးလှူသွားကြတဲ့ အာဇာနည်တွေကို ဦးညွတ် ဂါရဝပြုပြီး ကိုယ်အင်္ဂါ ပေးလှူခဲ့ရတဲ့ သူရဲကောင်းတွေနဲ့ စွန့်လွှတ်ပေးဆပ် အနစ်နာခံ ပြည်သူများကို လေးစားဂုဏ်ပြုတယ်လို့ ချင်းတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – CIC

 

ပုံစာ – ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် ( ပုံဟောင်း)

Related News

Depend on news