ပလက်ဝမြို့နယ်မှာ ဝဥခြောက်တွေကို ဝယ်ယူမယ့်သူတွေမရှိတဲ့အတွက် တောင်သူတွေ အခက်တွေ့

ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ဝဥခြောက် ဝယ်ယူမယ့်သူတွေ ဒီနှစ်မှာ ရောက်မလာတဲ့အတွက် ရောင်းချလို့မရဖြစ်နေကာ ဝဥစိုက်ပျိုးတဲ့ တောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝမြို့နယ်မှာ ယခင်နှစ်တွေက ဝဥကုန်သည်တွေဟာ ကျေးရွာတွေအထိ ကိုယ်တိုင်လာရောက် ဝယ်ယူကြတာရှိပေမဲ့ ဒီနှစ်မှာတော့ လမ်းခရီးတွေမှာ ဂိတ်ကြေး အခွန်ဆောင်ရတာတွေ များနေတာ၊ သွားလာရ ခက်ခဲတာ၊ တိုက်ပွဲတွေနဲ့ လမ်းပိတ်တာတွေကြောင့် ကုန်သည်ရော တောင်သူပါ အခက်ကြုံနေကြရတာလို့ ဆိုပါတယ်။
“အခုဆိုရင် ဝဥရောင်းလို့ မရဘူး။ အခင်းထဲမှာပဲ ဝဥတွေကပုတ်သွားတယ်၊ တူးဖော်ပြီး အခြောက်ထားတဲ့ဟာတွေလည်း ဘယ်သူမှ ဝယ်မယ့်လူမရှိကြဘူး။ ဒီလိုပဲကျန်နေကြတယ်” လို့ ပလက်ဝဒေသခံ ဝဥအခင်းပိုင်ရှင် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အရင်က ဝဥစိုက်ကာ စားဝတ်နေရေးအပြင် သားအမီးတွေပါ ကျောင်းထားနိုင်လို့ အဆင်ပြေပေမဲ့ အခုက ဘယ်သူမှမဝယ်လို့ စားဝတ်နေရေးပါ ခက်ခဲနေတာလို့ သူက ဆက်ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ ဝဥအခြောက်ဈေးနှုန်းက အရင်နှစ်မှာ ၁၅၀၀၀ ကျပ် ကနေ ၂၀၀၀၀ ကျပ် အထိ ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ တစ်ပိဿာလျှင် ၇၀၀၀ ကျပ် ကနေ ၈၀၀၀ ကျပ် အထိသာ ဈေးနှုန်းရှိတဲ့အပြင် ဝယ်ယူမယ့် ဝဥကုန်သည်တွေဟာလည်း လာရောက်ခြင်းမရှိလို့ တောင်သူတွေ နစ်နာဆုံးရှုံးမှုတွေကြုံတွေ့နေရတာလို့ ဒေသခံနောက်တစ်ဦးကလည်း ပြောပါတယ်။
အရင်ကတည်းက ပလက်ဝမြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ ဝဥကို စီးပွားဖြစ် စိုက်ပျိုးကြပြီး နှစ်စဥ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ တူးဖော်ကာ လှီးပြီး နေလှန်းအခြောက်ထား ရောင်းချရတာ ဖြစ်တယ်လို့ သိရပါတယ်။
“စိုက်ထားတဲ့ ဝဥတွေအားလုံး ပုတ်သိုးကုန်တယ်။ ဝဥခင်းအပြင် သီဟိုဠ်တို့၊ ငှက်ပျောပင်တို့၊ နာနက်ပင်တို့၊ သရက်ပင်တို့လည်း စိုက်တယ်။ အဲဒါတွေလည်း ဘယ်နေရာမှ ရောင်းဖို့မရှိလို့ ဒီလိုပဲ ကြွေကျပြီးတော့ပဲ ပုတ်သွားတယ် ” လို့ ဝဥအခင်း ၁၀ ဧကရှိ တောင်သူတစ်ဦးကလည်း CJ Platform ကိုပြောပါတယ်။
တော်လှန်ရေးကာလမှာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ဝယ်တဲ့သူတွေ ရောက်မလာလို့ ရောင်းလို့မရဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ပလက်ဝ၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေမှာ ဝဥစိုက်ပျိုးမှုကို အဓိကထားပြီး စီးပွားဖြစ် လုပ်ကိုင်စိုက်ပျိုးနေကြသလို မကွေးတိုင်း၊ ဆောနှင့် ကျောက်ထုမြို့တို့ကနေတဆင့် ပခုက္ကူ၊ မန္တလေး၊ ရန်ကုန်မြို့တို့ကို တင်ပို့တာတွေလုပ်တဲ့ပြင် ရခိုင်ပြည်နယ်ဘက်ကနေလည်း ပြည်မဘက်ကို တင်ပို့ရောင်းချခဲ့ကြပါတယ်။
ဓာတ်ပုံ – ဂျိမ်း(စ်)