စဥ့်ကူး ၊လက်ပန်လှရွာကို စစ်ကောင်စီ ဗုံးကြဲလို့ ပြည်သူတစ်ဦး​သေဆုံးပြီး ကလေးငယ်တစ်ဦးအပါ၀င် နှစ်ဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Feb 19, 2025

မန္တလေးတိုင်း ၊ စဥ့်ကူးမြို့နယ် ၊ လက်ပန်လှကျေးရွာကို စစ်​ကောင်စီတပ်က ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့ ည ၁၀နာရီ ၄၀မိနစ်ခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါ၀င် နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ စဥ့်ကူးမြို့နယ် ပကဖ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ပြည်စိုးအောင်ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးတစ်လုံး ဗုံးကြဲချရာ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးတစ်ဦးတို့ ဒဏ်ရာရှိခဲ့ကာ နေအိမ်တစ်လုံးနဲ့ စာသင်ကျောင်း တစ်ကျောင်းပါ ပျက်စီးခဲ့တယ်လို့ စဥ့်ကူးမြို့နယ် ပကဖ တာ၀န်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်းတွေကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ပြီး  ဇူလိုင် ၁၇ ရက်မှာ မြို့ကိုအပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပါတယ်။

လက်ရှိ စဥ့်ကူးမြို့ပေါ်က ပြည်သူတွေမှာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီး စစ်ကောင်စီကလည်း  စဉ့်ကူးမြို့ကို   ပြန်လည်ရယူဖို့ ကြိုးစားနေကာ လေကြောင်းကနေ  မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ-CJ

 

ပုံစာ-စစ်ကောင်စီ ဗုံးကြဲချပြီးနောက် လက်ပံလှကျေးရွာက အပျက်အစီးများ​တွေ့ရစဥ်