လွိုင်ကော် ဒေသခံ PDF တပ်ဖွဲ့ ဆိုကာ ဒေသခံတွေကို ခြိမ်းခြောက်တဲ့ ထုတ်ပြန်ချက်အတု ထွက်ပေါ်

Author CJ Platform
Categories
Published on Feb 19, 2025

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ဟုဆိုကာ ဒေသခံတွေကို ခြိမ်းခြောက်အလှူငွေကောက်ခံတဲ့ ထုတ်ပြန်ချက်အတု မနေ့က ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့အပေါ် Loikaw Local PDF က  ထုတ်ပြန်တာမဟုတ်ကြောင်း ဗဟိုကော်မတီ (ဗဟိုသတင်း နှင့် ပြန်ကြားရေး)က ရှင်းလင်းထုတ်ပြန်ချက်တစ်စောင် ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

 

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Loikaw Local PDF အနေနဲ့ ပြည်သူလူထုရဲ့ အကူအညီ‌အထောက်အပံ့တွေနဲ့သာ ရပ်တည်နေခြင်းဖြစ်ပြီး ထုတ်ပြန်ချက်အတုနဲ့လုံးဝ မသက်ဆိုင်ဘူးလို့ ပြည်သူတွေကို အသိပေးထားပါတယ်။

 

“ပြည်သူလူထု အပေါ်  ခြိမ်းခြောက်စာ ၊ အခွန် ၊ ပြေစာဖြင့် ကောက်ခံသော ရန်ပုံငွေ ‌‌များအား ယနေ့ချိန်ထိတိုင် တစ်ကြိမ်တစ်ခါမျှ ကောက်ခံခြင်းမျိုး မပြုလုပ်ခဲ့ပါ”လို့ Loikaw Local PDF ရဲ့ ရှင်းလင်းချက်ထဲ ရေးသားထားပါတယ်။

 

ထုတ်ပြန်ချက်အတုထဲမှာ တပ်ဖွဲ့စစ်ရေး အုပ်ချုပ်ရေး ရန်ပုံငွေအတွက်ဟုဆိုကာ ငွေကြေး သီးသန့်ကောက်ခံ ထားတာကို တွေ့ရပြီး မထည့်ဝင်ပါက လုံခြုံရေးအရ အဆောက်အဦ အကျိုးစီးပွားကို တာဝန်မယူဘူးလို့ ခြိမ်းခြောက်ရေးသားထားတာကိုတွေ့ရပါတယ်။

 

ပြည်သူတွေအနေနဲ့ ခြိမ်းခြောက်စာ ထုတ်ပြန်ချက်အတုနဲ့ပတ်သတ်ပြီး မသင်္ကာသူတွေတွေ့ရှိပါက အကြောင်းကြားပေးဖို့ကိုလည်း လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။

 

Loikaw Local PDF အနေနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်လာခဲ့တာ လေးနှစ် ရှိခဲ့ပြီဖြစ်ပြီး ပြည်သူကို ကာကွယ်ဖို့ နဲ့ အာဏာရှင် အမြစ်ပြတ်ကျဆုံးဖို့ကို ရည်ရွယ်ဖွဲ့စည်းခဲ့ကာ လက်ရှိမှာ ကရင်နီတပ်ပေါင်းစု တွေနဲ့အတူ မြေပြင်မှာ တိုက်ပွဲဝင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။