“ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်” တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးရွာနိုင်
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျား မိုးရွာမယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
ထူးခြားဖြစ်စဉ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း မန်ရီ(MAN-YI)ဟာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး အားကောင်းတဲ့အပူပိုင်းမုန်တိုင်း မန်ရီ(MAN-YI)အဖြစ်ကို အားလျော့သွားခဲ့ကာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဟိုင်နန်ကျွန်းအနီးကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေးပေကနေ ခုနစ်ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”
နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်၊ ချင်းပြည်နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
Source – မိုးဇလ