လာမယ့်သုံးရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်

Published on Oct 19, 2024

ထိုင်းပင်လယ်ကွေ့မှာ လေပွေလှိုင်း စတင်ဖြစ်ပေါ်နေတာကြောင့် နောက်သုံးရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ချေရှိတယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ အသိပေးထားပါတယ်။

 

အဲဒီ ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကနေ အောက်တိုဘာလ ၂၂ ရက်နေ့၊ ညနေပိုင်းမှာ စတင်ဖြစ်ပေါ်လာနိုင်ပြီး ရာနှုန်းပြည့်ဖြစ်နိုင်ချေရှိတယ်လို့ ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။

 

အဲဒီမုန်တိုင်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး မြန်မာနိုင်ငံဘက်ကိုတော့ ဦးတည်ရွေ့လျားနိုင်ဖွယ်မရှိဘူးလို့ ၎င်းက ဆိုပါတယ်။

 

ဒါပေမဲ့ မြန်မာ့ကမ်းရိုးတန်းအနီးကနေ မုန်တိုင်းလမ်းကြောင်းဖြတ်သန်းမှာမလို့ မုန်တိုင်းအရှိန်သက်ရောက်မှုများနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် တနင်္သာရီတိုင်း၊ မြိတ်မြို့ရဲ့ အနောက်ဘက် ၃၂၆ မိုင်၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရဲ့ တောင်ဘက် ၂၆၆ မိုင်ခန့်အကွာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာလည်း မနက်ဖြန် အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းကစတင်ပြီး လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။

 

အဲဒီအခြေအနေတွေကြောင့် အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ်ကနေ ၃၆ နာရီအတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နဲ့ ကရင်ပြည်တို့မှာ မိုးများပြီး မိုးသက်လေပြင်းကျနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုထားပါတယ်။ မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း တစ်နာရီ ၁၀ မိုင်မှ ၂၅ မိုင်ခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

 

မြန်မာ့ကမ်းရိုးတန်းတလျှောက်ရှိ ကမ်းနီးပင်လယ်ပြင်မှာတော့ အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်နေ့ အထိ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထက် ရှိနိုင်ပြီး လှိုင်းအမြင့် ခုနစ်ပေအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလဒုတိယပတ်အတွင်း တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့ ယာဂီမုန်တိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းအရှိန်တွေကြောင့် မြန်မာနိုင်ငံတဝန်း လူ တစ်သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး ၃၆၀ ကျော် သေဆုံးခဲ့ကာ ၁၀၀ ကျော်ပျောက်ဆုံး နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

စက်တင်ဘာ ရေဘေးကြောင့် တိုင်းနဲ့ ပြည်နယ် ကိုးခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး အိမ်ထောင်စု ရှစ်သောင်းကျော်၊ လူတစ်သန်းနီးပါး ရေဘေးတွေ့ခဲ့တယ်လို့ စစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပတဲ့ ရေဘေးအလှူငွေလက်ခံပွဲမှာ ပြောခဲ့ပါတယ်။

 

ဒါ့အပြင် သေဆုံး/ပျောက်ဆုံးသူ ၅၂၀ ဦးရှိခဲ့ပြီး တိရိစ္ဆာန် တစ်သိန်းရှစ်သောင်းကျော် သေဆုံးခဲ့ရပြီး စပါးနဲ့ သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ပျက်စီးခဲ့ရသလို လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးပိုင်းတွေလည်း ပျက်စီးခဲ့တယ်လို့ ၎င်းက ပြောသွားပါတယ်။