ဒီကနေ့ အောက်တိုဘာ ၁၉ ရက်အတွက် မိုးလေဝသခန့်မှန်းချက်

Published on Oct 19, 2024

“မိုးကြီးနိုင်တဲ့ ဒေသများ”

 

တနင်္သာရီတိုင်းမှာ ဒီကနေ့ နေ့လယ်ပိုင်းအထိ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားချက်ထုတ်ပြန်ထားပါတယ်။

 

စစ်ကိုင်းတိုင်း(အောက်ပိုင်း)နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာအနှံ့အပြား၊ ရှမ်းပြည်(တောင်ပိုင်း)၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ

 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

 

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ

 

မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

ပင်လယ်ပြင်လှိုင်းအမြင့်

 

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၇ ပေခန့် ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

 

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်

 

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။