စေတုတ္တရာမှာ အရေပြားရောဂါ ကူးစက်မှု မြင့်တက်နေ၊ ကူးစက်ခံထားရသူ ၂၀၀ ကျော်ထိရှိ
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်းက တော်လှန်ရေးရဲဘော်တချို့နဲ့ ဒေသခံတွေမှာ အရေပြားယားနာ ကူးစက်မှုဟာ တစ်လကျော်ကာလအတွင်း သိသိသာသာ မြင့်တက်နေတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဒေသခံစစ်ရှောင်တွေနဲ့ ရဲဘော်တွေဟာ တောင်ကျရေနဲ့ ဆည်ရေတွေကို သောက်သုံးရေနဲ့ ချိုးရေအဖြစ် အသုံးပြုရကာ ရေမသန့်ရှင်းမှုတွေကြောင့် အခုနှစ် ၂၀၂၆ ဇန်နဝါရီလဆန်းပိုင်းက စလို့ အရေပြားယားနာဝေဒနာကို စတင်ခံစားခဲ့ရတာဖြစ်ပြီး တစ်လကျော်အတွင်း ရာနဲ့ချီပြီး ကူးစက်မှုတွေ ဖြစ်နေတာလို့ သိရပါတယ်။
“ရေမသန့်တာတွေကြောင့်ပါ။ စစ်ရှောင်တွေရော ရဲဘော်တွေရော ဖြစ်တာ တစ်လကျော်ပါပြီ။ ဖြစ်တာက လူငယ်တွေဗျာ။ ဖြစ်တာတော့ အရွယ်စုံပါ၊ လူအိုတွေတော့ ဖြစ်တာနည်းတယ်။ တချို့ဒေသခံတွေဆို အတော်ဆိုးတယ်၊ လမ်းတောင် ပုံမှန်မလျှောက်နိုင်တဲ့ အဆင့်ရှိတယ်၊ ပေါင်ခြံတွေထဲအထိပဲ” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
အရေပြားယားနာ ခံစားနေရသူသာ ၂၀၀ ကျော်ထိရှိနေပြီး စေတုတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ အရေပြားယားနာဖြစ်သူတွေကို ကူညီမှုတွေ လုပ်ဆောင်နေပေမယ့် ဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။
“ဒေသခံတွေကိုလည်း နိုင်သလောက်ပေါ့ ကူညီပေးပါတယ်။ အကုန်တော့ မတတ်နိုင်တဲ့ အနေအထားပါ။ ဒေသခံတွေကို အခြားကျန်းမာရေးစောင့်ရှောက်မှု ပေးတာ တစ်လကို သိန်း ၃၀ ခန့် ကုန်ကျမှု ရှိပါတယ်။ အခုရောဂါမှာတော့ ရန်ပုံငွေမလောက်လို့ ကူညီနိုင်ဖို့ မဖြစ်မနေ အကူအညီတောင်းရတာ” လို့ အထက်ပါတာဝန်ရှိသူက ထပ်မံပြောခဲ့ပါတယ်။
စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ဒေသခံပြည်သူတွေကို လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာမှာ ဆေးဝါးတွေ ပိုမိုလိုအပ်လာတာကြောင့် အရေးပေါ်ဆေးဝါးတွေ ရရှိစေဖို့ ဖေဖော်ဝါရီ ၁၅ ရက်ကနေ မတ်လ ၁ ရက်အထိ ဆေးဝါးရရှိရေးကမ်ပိန်း ပြုလုပ်နေပြီး ထောက်ပို့ရဲဘော်တွေအနေနဲ့ ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် မနေ့က ဖေဖော်ဝါရီ ၁၇ ရက်မှာ အကူအညီတောင်းခံထားပါသေးတယ်။
ဓာတ်ပုံ – စေတုတ္တရာ ပကဖ
