သင်္ကြန်ကာလအတွင်း စစ်ကောင်စီက ကနီကိုဗုံးကြဲလို့ ကြံ့ခိုင်ရေးစည်းရုံးရေးမှူးရဲ့ မြေးသေဆုံး 

Author CJ Platform
Categories
Published on Apr 18, 2025

စစ်ကောင်စီက သင်္ကြန်ကာလအတွင်း ကနီမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးအလုံး ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကြံ့ခိုင်ရေးစည်းရုံးရေးမှူးရဲ့ မြေးအပါအဝင် ဒေသခံနှစ်ဦး သေဆုံးပြီး ကိုရင်တစ်ပါးပျံလွန်တော်မူကာ တစ်ပါးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီက သင်္ကြန်အကျနေ့မနက်ပိုင်းမှာ လေကြောင်းနဲ့ ၁၃ ကြိမ်ခန့် ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အပြင် ကနီမြို့ပေါ်ကနေ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေရော ပါရာမော်တာတွေနဲ့ပါ ဝဲနေခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“ မုတ္ထော အရှေ့ ရွာက ကြံ့ခိုင်ရေးစည်းရုံးရေးမှူးရဲ့ မြေးလည်းသေတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ရန်ကုန်သင်တန်းတက်နေတဲ့သူ၊ သင်္ကြန်အခါတွင်း အလည်လာတာ။ အရွယ်က ၁၉/၂၀ လောက်ရှိတယ် “ လို့ ကနီမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ကြံ့ခိုင်ရေးစည်းရုံးရေးမှူးဆိုသူမှာ ဦးမြဆိုသူဖြစ်ပြီး ဆန္ဒပြသူတွေကို စာရင်းပြုစုကာ ရဲစခန်းပို့ခဲ့သူဖြစ်တဲ့ အပြင် တော်လှန်ရေးကာလအတွင်းမှာလည်း စစ်ကောင်စီထံ လက်ထောက်ချ သတင်းပေးပို့တာတွေ လုပ်ဆောင်နေသူဖြစ်ပြီး သူ့ကြောင့် အဖမ်းခံရသူတွေရှိတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက ကနီမြို့နယ်ထဲမှာရှိတဲ့ သမင်ခြံကျေးရွာ၊ မုတ္ထောကျေးရွာ၊ ဆူးလေးကုန်းကျေးရွာ တစ်ဝိုက်ကို Mi 35၊ Y 12 လေယာဉ်တို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သမင်ခြံကျေးရွာ ဘန်းကြီးကျောင်း၊ မုတ္ထောကျေးရွာက လူနေအိမ်နဲ့ ဆူးလေးကုန်းကျေးရွာ အနောက်ဘက်တွေမှာ ဗုံးသီးကျ ပေါက်ကွဲခဲတာကြောင့် သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

သမင်ခြံကျေးရွာ ဘုန်းကြီးကျောင်းကျရောက်ပေါက်ကွဲစဉ် ဒုလ္လဘကိုရင်တစ်ပါးပျံလွန်တော်မူပြီး ဥပုသ်သီလဆောက်တည်နေသူ တစ်ဦးသေဆုံးခဲ့တဲ့အပြင် ဒုလ္လဘကိုရင်တစ်ပါးနဲ့ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

“ အခါတွင်းလေး ဘုရားကျောင်းကန်သွားပြီး ဥပုသ်သီလယူနေတဲ့ထဲ သက်ကြီးရွယ်အိုတွေပါပါတယ်။ ထပြေးကြရတာ။ မုတ္ထောအရှေ့ ရွာကတော့ ဒလန် ငမြ မြေးလည်းသေတယ် “ လို့ အခြား ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ကြံ့ခိုင်ရေးစည်းရုံးရေးမှူးဆိုသူ ဦးငမြကို‌တော်လှန်ရေးခေါင်းဆောင်တချို့က ထိန်းကြောင်းထားခဲ့လို့ အခုချိန်ထိ အသက်ရှင်ကျန်ရစ်နေတာ ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

 

ကနီမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပါရာမော်တာ စက်တပ်လေထီးတွေနဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း ပါရာမော်တာ ၂ စင်းနဲ့  မုတ္ထော ရွာနားမှာ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – Yinmabin District DPA