ပြည်မှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရာကနေ ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရာကနေ မတ်လ ၁၇ ရက် ညနေပိုင်းက လူငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သူငယ်ချင်းလေးယောက် ရေဆင်းချိုးရာကနေ တစ်ဦးရေနစ်တာကို နောက်တစ်ဦးက လိုက်လံဆယ်ယူရင်း နှစ်ဦးစလုံး ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
“အဲဒီနားက နှစ်တိုင်းနစ်တယ်။ အရပ်အဆိုအရ လူစားတယ်ပေါ့။ အခုက လေးယောက် ရေဆင်းချိုးတာ နှစ်ယောက်သေသွားတာ” လို့ ပြည်မြို့ရှိ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
သေဆုံးသူ လူငယ်နှစ်ဦးဟာ အသက် ၁၄ နှစ်အရွယ် ကိုအောင်မြတ်ထူးနဲ့ အသက် ၁၆ နှစ်အရွယ် ကိုအောင်မင်းနိုင်တို့ ဖြစ်တယ်လို့သိရပြီး ပြည်မြို့ အထက ၅ က Grade 6 နဲ့ Grade 10 တို့မှာ ပညာသင်ကြားနေတဲ့ သူတွေဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြည်မြို့ ခေတ္တရာမြို့သစ် ဈေးလမ်းမှာ နေထိုင်တဲ့ သေဆုံးသူ နှစ်ဦးကို ညနေ ၆ နာရီ ၃ မိနစ်မှာ တစ်ဦးပြန်တွေ့ခဲ့ပြီး ၆နာ ရီ ၄၅ မိနစ်မှာ နောက်တစ်ဦးရဲ့ အလောင်းကို ထပ်မံရှာဖွေတွေ့ရှိရတယ်လို့ ကယ်ဆယ်သူတွေကတဆင့် သိရပါတယ်။
ပြည်မြို့မှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရာကနေ မကြာခဏ ရေနစ်သေဆုံးလေ့ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ကျောင်းသားသုံးဦး ရေနစ်လို့ နှစ်ဦးသေပြီး တစ်ဦးသာ အသက်ရှင်တယ်လို့လည်း သိရပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ကလည်း မိသားစုလိုက်ရေဆင်းချိုးရာက ၆ ဦးလုံးရေနစ်ခဲ့ပြီး အသက်(၁၃)နှစ်အရွယ် ကလေးအပါအဝင် အမျိုးသား(၃)ဦး သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့