ဂွမြို့သိမ်းတိုက်ပွဲကြောင့် ဧရာဝတီတိုင်းအတွင်း စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာ

Author လဂွန်းအိမ်
Categories
Published on Dec 18, 2024

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA ရဲ့  ဂွမြို့သိမ်းတိုက်ပွဲကြောင့် ဧရာဝတီတိုင်းအတွင်း ဒီတစ်ပတ်ထဲ ဖမ်းဆီးတာတွေနဲ့ စစ်ဆေးတာတွေကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတယ်လို့ ဧရာဝတီတိုင်းထဲက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် စစ်ကောင်စီက တိုင်းအတွင်းရှိ မြို့နယ်များမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အပြင် ညအချိန် ဖမ်းဆီးမှုတွေပါ ရှိနေတယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။

 

“အမှတ် ၈ နယ်မြေ တန်တစ်ရာဘက်မှာတော့ ညဘက်ဝင်ဆွဲလို့ လူငယ်တွေ အကုန်ပြေးနေရတယ်။ ကင်းပတ်တာလည်း အချိန်ပိုစောလာတယ်။ ရပ်ကွက်လူကြီးတချို့ကိုလည်း စစ်ဝတ်စုံနဲ့မြင်ရတယ်”လို့ ပုသိမ်မြို့မှာနေထိုင်တဲ့ အသက် ၂၅ နှစ်ခန့်ရှိ ကိုညီညီက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီအနေနဲ့ နေ့ဘက်တွေမှာ စစ်ဆေးမှုတွေ အရင်ကထက် ပိုမိုတင်းကျပ်ထားပြီး အခုတစ်ပတ်ထဲ ပုသိမ်က မဟာဗောဓိဘက်မှာ တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ လိုက်လံစစ်ဆေးကာ လိုင်စင်မဲ့ဆိုင်ကယ်တွေကိုလည်း သိမ်းယူမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

 

ဒါ့အပြင် ညဘက်တွေမှာ လမ်းပေါ်သွားလာနေသူတွေကို ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေရှိနေရာမှာ ဧရာမင်းဘက်က လူငယ် ငါးဦးကို ရပ်ကွက်လူကြီးခေါ်တယ်လို့ဆိုကာ ကားနဲ့တင်ခေါ်သွားပြီး ပုသိမ်တစ်ဖက်ကမ်း ကျေးရွာက လူငယ် သုံးဦးကို လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

 

ဧရာဝတီတိုင်းအတွင်းရှိ မြို့အဝင်ဂိတ်တွေနဲ့ ကားလမ်းမတွေပေါ်မှာ ရဲတပ်ဖွဲ့တွေအပြင် စစ်သင်တန်းပေးထားတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့တွေနဲ့ ပူးပေါင်းကာ ဖမ်းဆီးစစ်ဆေးတာတွေ  ရှိနေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

“သူတို့က ဝီရိယကောင်းတယ်။ မနက် ၈ နာရီလောက်ဆို လူစုံတက်စုံကို ရောက်နေပြီ၊ ညမိုးချုပ်တဲ့အထိ။ သွားလာရအဆင် မပြေဘူး။ မပြေလည်း သွားရတာပဲ။ ဖမ်းတာမှပြောမနေနဲ့ နေ့ရောညရော”လို့ ညောင်တုန်းမြို့နယ်ရှိ အသက် ၂၀ ဝန်းကျင် ကိုစိုးပိုင်အေးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးစစ်ဆေးရာမှာ ဧရာဝတီဘတ်တံဆိပ်ပါ အပြာဝတ်စုံနဲ့ ပြည်သူ့လုံခြုံရေးတွေက အဓိက စစ်ဆေးနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတွေကတော့ လုံခြုံရေးယူပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

 

စစ်ဆေးရာမှာတော့ ကား၊ ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ်တွေကို အသေးစိတ် စစ်ဆေးနေတာဖြစ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်တွေတွေ့ပါက ရဲစခန်းအထိ ဖမ်းဆီးခေါ်ဆောင်ပြီး ဒဏ်ငွေဆောင်ခိုင်းတယ်လို့ မအူပင်မြို့မှာနေထိုင်တဲ့ ကိုမင်းခိုင်ကလည်း ပြောပါတယ်။

 

ဒီလို စစ်ဆေးမှုတွေ တင်းကျပ်ရတာဟာ ဧရာဝတီတိုင်းအတွင်း AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် နယ်မြေတည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

“ဒါက လုံခြုံရေးအတွက် ဆောင်ရွက်ရတာပါ၊ အများကြီး ဖြေလို့မရပါဘူး။ အဓိကကတော့ PDF တွေ မလာဖို့နဲ့ လက်နက်ခဲယမ်း စတာတွေ ဝင်လာမှာစိုးတာပါ။ ပေါ်တာဆွဲတာတွေတော့ လုံးဝမရှိပါဘူး”လို့ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။

 

လက်ရှိမှာတော့ ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ် သုံးခုဖြစ်တဲ့ အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့တို့မှာ တောင်ကုတ်မြို့ကို AA က သိမ်းပိုက်လိုက်ပြီး အမ်းမြို့နယ်မှာတော့ နပခဌာနချုပ်ထဲအထိ AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်နေသလို ကျန်ရှိနေတဲ့ ဂွမြို့ကိုလည်း ဒီလအတွင်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ AA က အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

အဲဒီတိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းရှိ ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံ၊ ချောင်းသာနဲ့ ငသိုင်းချောင်း စတဲ့မြို့တွေကို ထွက်ပြေးတိမ်းရှောင်လာသူတွေရှိသလို ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့မှာလည်း ဂွနဲ့ သံတွဲမြို့နယ်တွေက ဒေသခံတွေဟာ ငါးဖမ်းစက်လှေတွေနဲ့ တိမ်းရှောင်လာကြတာလည်းရှိတယ်လို့  ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ရွှေသောင်ယံ၊ ချောင်းသာ စတဲ့မြို့တွေမှာ ရောက်ရှိနေတဲ့ ရခိုင်စစ်ဘေးရှောင်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆက်မနေဖို့ ဖိအားပေး တာတွေရှိပြီး လပွတ္တာနဲ့ ဖျာပုံ ကြိုက်တဲ့နေရာမှာ သွားရောက်နေထိုင်ဖို့ ပြောတယ်လို့လည်း ပုသိမ်မြို့နယ်မှာနေထိုင်တဲ့ ဦးဝဏ္ဏ (အမည်လွှဲ) ကလည်း ပြောပါတယ်။

 

အစောပိုင်းရက်တွေမှာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်ကို ဂွ-ငသိုင်းချောင်းကားလမ်းက တစ်ဆင့် ဧရာဝတီအတွင်းမှာရှိတဲ့ တပ်ရင်းတွေကနေ စစ်ကောင်စီက စစ်ကူအင်အား ပို့ဆောင်တာတွေရှိပြီး အဲဒီအထဲ စစ်မှုထမ်းသင်တန်းဆင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

အဲဒီစစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတွေကို အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက လမ်းမှာ ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိသလို ထွက်ပြေးသူတွေလည်း ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

အာရက္ခတပ်တော် (AA) ဟာ ဂွမြို့တိုက်ခိုက်သိမ်းပိုက်ပြီးပါက ဂွမြို့နဲ့ နယ်စပ်တွေဖြစ်တဲ့ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်တို့ကို ထိုးဖောက်ဝင်ရောက်လာနိုင်သလို ဂွနဲ့ဧရာဝတီကို ဆက်သွယ်ထားတဲ့ ဂွ-ငသိုင်းချောင်း ကားလမ်းအပြင် ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ ရေကြည်၊ အသုတ်၊ ကျုံပျော်မြို့တို့ကိုလည်း AA အနေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ချေ ရှိနေတယ်လို့ သုံးသပ်ချက်တွေလည်း ရှိလာပါတယ်။

 

ပုံစာ – မအူပင်မြို့အဝင်ဂိတ်မှာ စစ်ကောင်စီစစ်ဆေးနေစဉ် (ပုံဟောင်း)