မီဇိုရမ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့အမှတ်တရ တေးရုပ်ရှင်ပြပွဲ ကျင်းပ

Author ဆလိုင်း
Categories
Published on Jun 17, 2024

မြန်မာစစ်ဘေးရှောင်အများအပြားရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ စစ်ကောင်စီ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အမှတ်တရ တေးရုပ်ရှင်ပြပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ မီဇိုရမ်ရောက် မြန်မာနိုင်ငံသားများထံမှ သိရပါတယ်။

အဲဒီ တေးရုပ်ရှင်ပြပွဲကို မီရမ်ပြည်နယ်အခြေစိုက် မြန်မာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Network for Unity Association Mizoram -NUA အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အိုင်ဇောလ်မြို့ရှိ Chanmari YMA ခန်းမမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ကို အကြောင်းပြုပြီး တော်လှန်ရေးသွေးသစ်လောင်းဖို့နဲ့ ကောင်းမှုတွေ ပြုလုပ်ဖို့အတွက် ရည်ရွယ်ပြီး “နေသာတဲ့နေ့” ဆိုတဲ့ မြန်မာ့နွေဦးတော်လှန်ရေး တေးရုပ်ရှင်ကို ပြသပေးခြင်းဖြစ်တယ်လို့ ပွဲတက်ရောက်လာတဲ့ ချင်းအမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

“တေးရုပ်ရှင်ပြပွဲကို ဝင်ကြေးအခမဲ့နဲ့ ပြသပေးခြင်းဖြစ်ပါတယ်။ မီဇိုရမ်ရောက် မြန်မာနိုင်ငံသားအပါအဝင် မီဇိုရမ်ဒေသခံ စုစုပေါင်း ပွဲတက်ရောက်အားပေးတဲ့ လူဦးရေ ၂၀ဝ လောက်ရှိမယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီ တေးရုပ်ရှင်ပြပွဲမှ ရရှိလာတဲ့ အလှူငွေတွေကို မီဇိုရမ်ပြည်နယ်ထဲ ပြီးခဲ့တဲ့ မေလ နှောင်းပိုင်းကတိုက်ခတ်ခဲ့တဲ့ Remal ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီထောက်ပံ့သွားမယ်လို့ သိရပါတယ်။

တေးရုပ်ရှင်ပြပွဲကို ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်းလျန်လွယ်၊ စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်၊ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနဲ့ လွှတ်တော်အမတ်အဟောင်းတွေလာရောက်ခဲ့ပြီး နွေဦးတော်လှန်ရေးအကြောင်းအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ အမှတ်တရစကားတချို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

ချင်းအဆိုတော်တွေဖြစ်ကြတဲ့ ဆလိုင်းယောကီးနဲ့ ဆလိုင်းထန်ဘွေးတို့ကလည်း “ခွန်အားဖြည့်မိငယ်” အပါအဝင် တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ