စစ်မှုထမ်း ရှောင်သူများလာလို့ ရန်ကုန် အထည်ချုပ်စက်ရုံတွေမှာ လုပ်သားရှားပါးလာ

Author ကိုထက်
Categories
Published on Jun 17, 2024

ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ စစ်မှုထမ်းဖို့ စစ်သင်တန်းတွေဖွင့်ပြီးနောက်ပိုင်း အလုပ်သမားရှားပါးမှုတွေဖြစ်ပေါ်လာနေတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

 

ကျွမ်းကျင်လုပ်သားမဟုတ်ဘဲ အလုပ်သင်စနစ်(Training Line)ဖြင့် ဝန်ထမ်းခေါ်ယူသော်လည်း လာလျှောက်သူမရှိကြောင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“အခုလထဲမှာပဲ အထည်ချုပ်လိုင်း အယောက် ၂၀ဝ ခေါ်တာ။ လာလျှောက်တဲ့သူမရှိဘူး။ ဒါတောင် ကျွမ်းကျင်မဟုတ်ဘူးနော်။ Training line အနေနဲ့ခေါ်တာ။ ဘယ်လိုမှခေါ်မရဘူး။ သူများရုံးက အလုပ်သမားကို ပြန်စွယ်ပြီး ခေါ်ရတဲ့အနေအထားတွေဖြစ်နေပြီ” လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလမှာ နေရပ်ပြန်သွားသူလူငယ်လူရွယ်တွေဟာ စစ်မှုထမ်းဖို့ စစ်သားစုဆောင်းခံရမှာကို စိုးရိမ်တာကြောင့် မိဘတွေက ပြန်မလွှတ်တာတွေ၊ ရှောင်ရှားနိုင်ဖို့ ပြည်ပထွက် အလုပ်လုပ်သူတွေနဲ့ ပြင်ဆင်နေသူတွေ အများအပြားရှိလာနေတယ်လို့ သိရပါတယ်။

 

“အလုပ်သမားဟောင်းတွေက တချို့ကျတော့လည်း မိဘတွေက စိတ်မချလို့ ပြန်မလွှတ်တာတွေ၊ ငွေရေးကြေးရေးအ‌ခြေအနေတွေကြောင့်လည်း ပြည်ပထွက်အလုပ်လုပ်မယ့်သူတွေများလာတာရယ်။ နောက်တစ်ခုက စက်ရုံမှာလုပ်တဲ့အလုပ်သမား တစ်ခုခုအဖမ်းခံရတာရှိလည်း စက်ရုံက တာဝန်မယူပေးဘူး။ သူတို့အလုပ်ခိုင်းရပြီးရော။ အဲဒီတော့ ဘယ်သူကယုံကြည်ပြီး လုပ်မလဲပေါ့” လို့ ရန်ကုန်မှာ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတစ်ဦးကို ပျမ်းမျှလစာ သုံးသိန်းခွဲခန့်ရရှိပြီး Bonus နဲ့ အချိန်ပိုကြေး‌တွေပေါင်းပါက လေးသိန်းကျော်ရရှိတယ်လို့ စက်ရုံအလုပ်သမားတွေထံမှ သိရပါတယ်။

 

အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအရ လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံပေါင်း ၅၀ဝ ခန့်ရှိပြီး အလုပ်သမား ၃၈၀,ဝ၀ဝ နဲ့ ၄၅၀,၀၀၀ ကြားရှိပြီး တစ်လနဲ့ တစ်လ အလုပ်သမားဦးရေစာရင်း မတူညီနိုင်ဘဲ အသင်းမဝင်ထားတဲ့ စက်ရုံတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

 

ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတည်ပြုလိုက်ပြီးနောက်ပိုင်း ချက်ချင်းဆိုသလို စစ်သားစုဆောင်းရေးတွေ နိုင်ငံတဝှမ်းလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဧပြီလထဲမှာပဲ အပတ်စဉ် ၁ ကို ခေါ်ယူခဲ့ပြီး အပတ်စဉ် ၂ ကို နောက်လ မေလ ၁၄ ရက်နေ့က စတင်စခန်းသွင်းခဲ့ကြပါတယ်။ အခုလည်း အပတ်စဉ် ၃ အတွက် စစ်ကောင်စီလက်အောက်ခံတွေက စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေကြပါပြီ။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ စစ်သားခေါ်ယူစုဆောင်းမှုတွေမှာ လာဘ်စားမှု၊ ငွေညှစ်မှု၊ ခြိမ်းခြောက်မှု၊ အဓမ္မမှုတွေနဲ့အတူ ပြည်သူလူထုဟာ ဖိနှိပ်ခံနေရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်