ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေးအတွက် ဂျပန်အစိုးရက ဘတ် ၇၂ သန်း ကူညီမယ်

Author CJ Platform
Categories
Published on Feb 17, 2026

ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းမှာ ရှိနေတဲ့ နေရပ်စွန့်ခွာ မြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဂျပန်အစိုးရက ယန်းငွေ ၄၅၃ သန်း (ဘတ် ၇၂ သန်း) အထိ ကူညီပေးသွားမယ်လို့ ဂျပန်သံရုံးက ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှုများ မြှင့်တင်ရေးစီမံကိန်းဆိုင်ရာ အထောက်အပံ့အကူအညီတွေအတွက် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိုတာကာ မာဆာတို (OTAKA Masato) နဲ့ ဘန်ကောက်မှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဌာနေကိုယ်စားလှယ် ဒေါက်တာ အယ်လန်လီ (Ailan Li) တို့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

 

ဒါဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်ထဲ နေရပ်စွန့်ခွာလာတဲ့ မြန်မာနိုင်ငံသားတွေ ပိုမိုများပြားလာပြီး ထိုင်းနိုင်ငံ နယ်စပ်တွေမှာရှိတဲ့ ဆေးရုံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေမှာ လိုအပ်ချက်တွေ ပိုမိုမြင့်တက်လာနေတာကြောင့် အခုလို ထောက်ပံ့ကူညီတာ ဖြစ်တယ်လို့ ဂျပန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဂျပန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဒီအထောက်အပံ့အကူအညီတွေဟာ ဌာနေထိုင်းနိုင်ငံသားတွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေ သဟဇာတဖြစ်စွာ နေထိုင်ရေးကို မြှင့်တင်ရုံတင်မဟုတ်ဘဲ ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေ၊ မိလ္လာစနစ်တွေကိုလည်း အရေးတကြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးကိုလည်း ထိန်းသိမ်းနိုင်ဖို့အတွက်လည်း ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဒီစီမံကိန်းဟာ တာ့ခ်ခရိုင်အတွင်းမှာ ရှိနေတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေအတွက် လေ့ကျင့်သင်ကြားပေးရေးနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပြုပြင်မွမ်းမံပေးရေး အပါအဝင် ကျန်းမာရေးဆိုင်ရာ လိုအပ်တဲ့ကိရိယာတွေကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်သလို စွမ်းဆောင်ရည်ကိုလည်း ပိုမိုတိုးတက်လာအောင် မြှင့်တင်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပုံစာ – မြန်မာ-ထိုင်းနယ်စပ် တာ့ခ်ခရိုင်အတွင်းမှာရှိတဲ့ ကျန်းမာရေးစင်တာတစ်ခုကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်

ဓာတ်ပုံ – The Guardian