Non CDM ဝန်ထမ်းတွေကို တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးထားချိန်မှာ စစ်ကောင်စီက လစာဆက်မပေးဘူးလို့ ဒေါ်စန္ဒာမင်းပြော

စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေကို တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးရမိပါက ထိန်းသိမ်းထားချိန်အတွင်း စစ်ကောင်စီက လစာမပေးဘဲ ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထုတ်ပယ်ခံထားရပြီး စစ်ကောင်စီနဲ့ နီးစပ်သူဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောပါတယ်။
ဒေါ်စန္ဒာမင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဇွန်လ ၁၇ရက်နေ့ မနက်ပိုင်းက ဖြန့်ဝေခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပြဌာန်းလာမှု ဝေဖန်မှုပြုခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ကလေးတက္ကသိုလ်က ဆရာဆရာမတွေကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးရမိပြီး တစ်နှစ်နီးပါး ထိန်းသိမ်းထားပြီးနောက် ၂၀၂၅ခုနှစ် ဇန်နဝါရီလမှာ လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးထိန်းသိမ်းထားချိန်မှာ စစ်ကောင်စီက သူတို့ရဲ့ လက်အောက်ခံ ဝန်ထမ်းတွေကို လစာမပေးချေတာ၊ အစားထိုး လစာငွေ ပြန်လည်ပေးအပ်တာနဲ့ မိသားစုဝင်တွေကို အစားထိုးလစာငွေ ပေးချေတာတွေ မလုပ်ဆောင်ခဲ့ဘူးလို့ ဒေါ်စန္ဒာမင်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“သူတို့ပြန်လွတ်လာတဲ့အချိန်မှာ သက်ဆိုင်ရာအစိုးရအဆင့်ဆင့်ကို အကြောင်းကြားတယ်။ သူတို့အနေနဲ့ အစစ်အဆေးခံရတယ်။ သက်ဆိုင်ရာကနေ ပြန်လည် တာဝန်ထမ်းဆောင်ဖို့ ပြောတယ်။ သူတို့ကလည်း “ပြန်လည် တာဝန်ထမ်းဆောင်ပါမယ်”လို့ တင်ပြထားတယ်။ ဖမ်းဆီးခံထားရတဲ့ကာလအတွင်းမှာလည်း သူတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ လစာမပေးဘဲ ပြန်လာတဲ့အချိန်မှာ တစ်လစာပဲပေးထားတာပါ”လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။
စစ်ကောင်စီဟာ သူတို့ရဲ့ လက်အောက်ခံဝန်ထမ်းတွေကို ခိုင်းစေအသုံးပြုနေချိန်သာ လစာငွေတွေ ပေးချေနေတာဖြစ်တာကို ဒေါ်စန္ဒာမင်းပြောကြားမှုအရ ထင်ထင်ရှားရှားတွေ့ရှိရပါတယ်။
“စကစက သူတို့တာဝန်ပေးလို့ သွားရတဲ့ Non တွေကို တကယ်ကျ လှည့်မကြည့်ဘူးဆိုတာ သိသာတာပါပဲ၊ သူတို့တာဝန်ပေးလို့သွားတယ် အဖမ်းခံရတယ် အဲဒီအချိန် ကျန်တဲ့မိသားစုကိုတောင် ဘာမှမကြည့်ပေးဘူးဆိုတော့ Non တွေ သိသင့်ပြီ”လို့ CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဒေါ်စန္ဒာမင်းဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး NLD ပါတီ မှတ်ပုံတင်ရေးအတွက် ကြိုးပမ်းခဲ့သူလို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ NLD ပါတီကလည်း သူ့ကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ထားခဲ့ပြီး သူဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံသူအဖြစ်လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။