စစ်ကိုင်းမြို့မှာ အိမ်အရောင်းဈေးကျပြီး အငှားဈေး မြင့်တက်

Author CJ Platform
Categories
Published on May 17, 2025

စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကိုင်းမြို့ပေါ်မှာ အိမ်အရောင်းဈေးနှုန်းတွေ ကျဆင်းနေပြီး အငှားဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်လှုပ်ခတ်မှု ဖြစ်စဉ်မှာ စစ်ကိုင်းမြို့ဟာ လူထိခိုက်သေဆုံးတာတွေအပြင် အဆောက်အဦများစွာ ပြိုကျပျက်စီးခဲ့ရတာလည်း ဖြစ်ပါတယ်။

 

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာ စစ်ကိုင်းမြို့ခံအချို့ဟာ စီးပွားရေးအဆင်မပြေတာနဲ့ အခြားမြို့တွေကို ပြောင်းရွှေ့ဖို့အတွက် အိမ်အရောင်းဈေးကို ဈေးလျှော့ရောင်းတာတွေရှိနေတယ်လို့ စစ်ကိုင်းမြို့မှာ အိမ်ခြံမြေ ပွဲစားလုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“စီးပွားရေးက မရှိ ငလျင်ဘေးကြောင့် အလုပ်လုပ်စားမရ ငွေပိုလျှံမရှိသူတွေ ရောင်းကြတာပေါ့ စျေးလျှော့ပြီး။ တချို့ကျ ငလျင်ဘေးကြောင့်ရောင်းပြီး တခြားမြို့ ပြောင်းပြေးဖို့ရောင်းကြတယ်”လို့ သူမက ဆိုပါတယ်။

 

ငလျင်မလှုပ်ခင်က မြို့တွင်း ဧရိယာမဟုတ်တဲ့ နေရာတွေမှာ ပေ ၂၀ပေ၆၀ မြေအကျယ်ပါဝင်တဲ့ ရေမီးပါဝင်ပြီး အိမ်တစ်လုံးဟာ ပျှမ်းမျှ သိန်း ၇၅၀နဲ့ ၆၅၀ ဝန်းကျင်မှာ ရှိပေမယ့် ၊ ငလျင်လှုပ်ပြီးနောက်ပိုင်းမှာတော့ သိန်း၅၅၀ ဝန်းကျင်နဲ့ ဈေးလျှော့ရောင်းနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မြို့တွင်း ဧရိယာနဲ့ နီးစပ်တဲ့နေရာတွေမှာ ပေ ၄၀ပေ၆၀ မြေအလွတ်ကို ငလျင်မလှုပ်ခင်က သိန်း ၁၅၀၀နဲ့ ၁၄၀၀ ဝန်းကျင်မှာ ရောင်းကြပေမယ့်၊ ငလျင်နောက်ပြီး နောက်ပိုင်းမှာတော့ သိန်း ၁၃၅၀၊ ၁၂၅၀ ဝန်းကျင်ခန့် ဈေးလျှော့ရောင်းနေတယ်လို့ ဆိုပါတယ်။

 

အရောင်းဈေးကျနေပေမယ့် အိမ်အငှားဈေးမှာတော့ မြင့်တက်နေပြီး စားဖို့ထက် နေဖို့ကို ပိုပြီးရုန်းကန်နေရတယ်လို့ သူမက ဆက်ပြောပြပါတယ်။

 

“မဖြစ်မနေငှားရတာပေါ့။ မတတ်နိုင်သူတွေလည်း ယောင်လည်လည်နဲ့ စားဖို့ထက်နေဖို့ ပိုရုန်းကြရတာပေါ့။ အားလုံးက ကြပ်တည်းနေကြရှာတာ”လို့ သူမက ဆိုပါတယ်။

 

အိမ်အငှားဈေးတွေမှာတော့ ငလျင်မလှုပ်ခတ်ခင်က ၂သိန်းကနေ ၂သိန်းခွဲ၊ ၃သိန်းကနေ ၄သိန်း၊ ၅သိန်းကနေ ၇သိန်းနဲ့ ၆သိန်းကနေ ၈သိန်းလောက်ထိ ဈေးတက်သွားတယ်လို့ စစ်ကိုင်းမြို့မှာ အိမ်ခြံမြေ ပွဲစားလုပ်ကိုင်တဲ့ အမျိုးသမီးက ရှင်းပြပါတယ်။

 

အိမ်းငှားရာမှာလည်း ‌အဆောက်အဦးအပြိုပျက်တွေများတဲ့အတွက် ငှားရမလွယ်ကူဘူးလို့လည်း သိရပါတယ်။

 

စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးကတော့ အိမ်အရောင်းဈေးကျတာနဲ့ ပတ်သက်ပြီး၊ စစ်ကိုင်းမြို့ခံတွေဟာ ခါတိုင်းထက် ဈေးချရောင်းမှာ မဟုတ်ဘဲ ရောင်းမထွက်ရင်တောင် လက်ထဲကိုင်ထားဦးမှာဖြစ်တယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

 

လက်ရှိ စစ်ကိုင်းမြို့ပေါ်မှာ‌တော့ ငလျင်လှုပ်ခတ်မှုအတွင်း ပျက်စီးသွားတဲ့ အိမ်တွေကို ဖြိုဖျက်နေဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်နိုင်သေးဘူးလို့လည်း စစ်ကိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက  CJ Platform ကို ပြောပါတယ်။

 

“အခုထိ အိမ်ပြိုတွေကိုတော့ လာကြည့်နေကြပြီး တစ်ချို့တစ်လေ လှူနေကြသေးတယ်။ ပြန်လည်ထူထောင်ရေး ဆိုတာထက် အခုထိ ဖျက်နေတုန်းပဲရှိကြသေးတယ်။ ပြန်ဆောက်နေကြတော့ မတွေ့သေးဘူး”လို့ သူမကဆိုပါတယ်။

 

စစ်ကောင်စီရဲ့ မေလ ၁၅ရက်နေ့အထိ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းငလျင်လှုပ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးသူ ၃၇၂၃ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ဦးနဲ့ ပျောက်ဆုံးသူ ၈၄ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

#CJPlatform # ## ##