အညာမြေတပ်ပေါင်းစုရဲ့ “သွေးရဲလား” ကမ်ပိန်း ၄၀ရာခိုင်နှုန်းခန့်သာ ရရှိသေး

အညာမြေတပ်ပေါင်းစုရဲ့ မစ်ရှင်တွေအတွက် အဖွဲ့ရန်ပုံငွေ ရရှိဖို့အရေး လုပ်ဆောင်နေတဲ့ “သွေးရဲလား” ကမ်ပိန်းဟာ ၄၀ ရာခိုင်နှုန်းခန့်သာ အောင်မြင်မှု ရရှိနေသေးတာကြောင့် ပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ အညာမြေတပ်ပေါင်းစုက နှိုးဆော်လိုက်ပါတယ်။
ဒုတိယအကြိမ် လုပ်ဆောင်တဲ့ ဒီကမ်ပိန်းဟာ ဖေဖေါ်ဝါရီ ၁၅ရက်ကနေ ဧပြီ ၃၀ရက်နေ့ထိ အချိန်သတ်မှတ်ထားပြီး ဆုကြေးတွေအဖြစ် ပထမဆု ဆယ်သိန်းကျပ်၊ ဒုတိယဆု ငါးသိန်းကျပ်၊ တတိယဆု သုံးသိန်းကျပ်၊ တစ်သိန်းကျပ် ငါးဆုနဲ့ ငါးသောင်းကျပ် ဆယ်ဆုကို မဲနှိုက်ပြီး ပေးအပ်မှာပဲ ဖြစ်ပါတယ်။
“အမှန်ဆို ဒီလို ကမ်ပိန်းတွေ မလုပ်ချင်ဘူး။ ဘာကြောင့်ဆို ကမ်ပိန်းလုပ်လည်း ပုံမှန်ထောက်ပံ့နေကြ ဒီလူတွေကပဲ ဝယ်ကြရမို့ သူတို့ကို ဝန်ပိစေမှာ စိုးလို့။ ဒါမဲ့ ဒီလိုမှ ရန်ပုံငွေမရှာရင် တို့တွေဘာနဲ့ ရပ်တည်မလဲဆိုပြီး ပြုလုပ်ရပြန်ရော။ ကျနော်တို့မှာ မစ်ရှင်တွေသာ စဉ်ဆက်မပြတ် ဖော်ဆောင်နေသော်လည်း ဘယ်ကမှ ( တလရဦးဆောင်အဖွဲ့ကြီးများ)ထောက်ပံ့မှုတွေမရခဲ့ဘူး” လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
“သွေးရဲလား” ကမ်ပိန်းကို အဓိက ပါဝင်ပေးကြသူ အများစုဟာ ဒေသခံတွေနဲ့ ဒေသကနေ အခြားဒေသတွေကို ရွေ့ပြောင်းပြီး အလုပ်လုပ်ကိုင်နေကြသူနဲ့ ပြည်တွင်း ပြည်ပ နေရာအစုံက အလှူရှင်တွေဖြစ်တယ်လို့ သိရပါတယ်။
ကမ်ပိန်းမှာ ပါဝင်ကံစမ်းလိုပါက အညာမြေတပ်ပေါင်းစု Facebook စာမျက်နှာကနေတဆင့် ဆက်သွယ်ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု