ချင်းလူမျိုးအချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုကို လက်မခံဘူးလို့ ချင်းလဲန်းကောင်စီဆို

Author CJ Platform
Categories
Published on Feb 17, 2025

ချင်းပြည်၊ ချင်းလဲန်းကောင်စီအနေနဲ့ ချင်းပြည်အတွင်းဖြစ်ပွားနေတဲ့ Maraland Defense Force – MDF နဲ့ Chinland Defense Force-Lautu တို့ကြား ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယအပတ်အတွင်းက ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ချင်းလူမျိုးအချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုကို လက်မခံတဲ့အတွက် စစ်ရေးဖော်ဆောင်မှုတွေ တိုက်ခိုက်မှုတွေမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

 

ချင်းပြည် ချင်းလဲန်းကောင်စီ CC အနေနဲ့  ချင်းပြည်အတွင်း စစ်အာဏာရှင်မှန်သမျှ အမြစ်ဖြတ် ချေမှုန်းရေးကို စစ်ရေးနဲ့နိူင်ငံရေးကို ဟန်ချက်ညီညီ ဖေါ်ဆောင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

 

လတ်တလော ဖြစ်ပေါ်နေတဲ့ ချင်းလူမျိုးတွေအကြား သဘောထားကွဲလွဲမှုတွေ အဆုံးသတ်နိုင်ဖို့ ပေါင်းစပ် ညှိနှိုင်းရေးဆောင်ရွက်နေတဲ့ ကာလမှာ မြို့နယ်‌နဲ့ဒေသအကြား၊ ချင်းမျိုးနွယ်စု အချင်းချင်းကြား အင်အားနဲ့အနိုင်ထက်ပြု နယ်‌‌မြေချဲ့ထွင်တာတွေကို မပြုလုပ်သင့်ဘူးလို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးကို အဓိကထားပြီး ချင်းလူမျိုးတွေကြား ဖြစ်ပွားတဲ့ ပြဿနာတွေကို ငြိမ်းချမ်း ရေးလမ်းစဉ်၊ ပေါင်းစပ်ညှိနှိုင်းရေးလမ်းစဉ်နဲ့သာ ဖြေရှင်းဆောင်ရွက်ကြဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က CDF-Lautu တပ်စွဲထားတဲ့ ရွာမှန်းရွာမှာ MDF နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း CC တပ်ပေါင်းစုတွေဖြစ်တဲ့ CNA နဲ့ CDF Mara တို့က CDF-Lautu ဘက်ကနေပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

 

ချင်းပြည်အတွင်း အင်အားကြီးမားတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်ကြတဲ့ ချင်းလဲန်ကောင်စီ CC နဲ့ ချင်းညီနောင်တပ်ပေါင်းစုတို့ ရှိကြပြီး Maraland Defense Force – MDF ဟာ ချင်းညီနောင် အဖွဲ့ဝင်ဖြစ်သလို Chinland Defense Force-Lautu က ချင်းလဲန်ကောင်စီ CC ရဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

 

CDF-Lautu နှင့် MDF တို့ ကြားကပြဿနာတွေဟာ နယ်မြေပြဿနာပုံစံမျိုး တစ်ခုမဟုတ်ပဲ နယ်မြေပြဿနာထက်ပိုနက်ရှိုင်းတဲ့ မျိုးနွယ်စုအချင်းချင်းကြားဖြစ်ပွားတဲ့ ပြဿနာ ဖြစ်သွားမှာကို ချင်းနိုင်ငံရေးအသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။

 

ဓာတ်ပုံ – Chinland Information Center