“ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်” လေဖိအားနည်းအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ် ကိုးခုမှာ မိုးအသင့်အတင့်ရွာနိုင်

Published on Dec 17, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းကို ရောက်ရှိခဲ့ပြီးနောက် ပိုမိုအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

 

အဲဒါဟာ အနောက်- အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ကာ နောက်နှစ်ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းကနေ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းအထိ သုံးရက်အတွင်း ရခိုင်ပြည်မြောက်ပိုင်း၊ ချင်းပြည်၊ ကချင်ပြည်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နဲ့ ကရင်နီ (ကယား)ပြည်တို့မှာ မိုးအနည်းငယ်က‌နေ မိုးအသင့်အတင့်ရွာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်မြောက်ပိုင်းနဲ့ ချင်းပြည်တို့မှာ မိုးအသင့်အတင့်ကနေ မိုးများနိုင်ပြီး ချင်းပြည်မှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၄ ဒသမ ၈၄ လက်မအထိ ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ဆိုထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေးပေကနေ ခုနစ် ပေခန့် ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နဲ့ ချင်းပြည်တို့မှာ ညအပူချိန် အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

 

Related News

Depend on news