“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (နိုဝင်ဘာလ ၁၁ ကနေ ၁၆ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Nov 17, 2024

“နိုင်ငံခြားငွေဈေးတွေ အားလုံးကျ”

 

ဒီတစ်ပတ်မှာ တန်ဆောင်တိုင်ရုံးပိတ်ရက်တွေရှိနေပေမဲ့ စစ်ကောင်စီက နိုင်ငံခြားငွေတချို့ အွန်လိုင်းဈေးကွက်ကနေ ဆက်လက်ရောင်းချပေးခဲ့တယ်လို့ သူတို့လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

နိုဝင်ဘာ ၁၁ ရက် တနင်္လာနေ့မှာ ထိုင်းဘတ် ၁၅ သန်း ရောင်းချပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ကြေညာခဲ့ပြီး အဲဒီနေ့မှာ တရုတ်တစ်ယွမ် ၅၃၁ ဒသမ ၅၀ ကျပ်နှုန်းနဲ့ ယွမ် ရှစ်သိန်းကျော် ရောင်းချပေးခဲ့ပါတယ်။

 

နိုဝင်ဘာ ၁၂ ရက် အင်္ဂါနေ့မှာ ထိုင်းတစ်ဘတ် ၁၂၇ ဒသမ ၃၀ ကျပ်နှုန်းနဲ့ ၁၄ ဒသမ ၅၂ သန်းကျော် စစ်ကောင်စီဗဟိုဘဏ်ရဲ့ FX အွန်လိုင်းဈေးကွက်ကနေ ရောင်းချပေးခဲ့ပါတယ်။

 

နိုဝင်ဘာ ၁၄ ရက် ကြာသပတေးနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၃ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ လေးသိန်းနီးပါး ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဒီတစ်ပတ်ထဲ အရင်ပတ်ကလိုပဲ နိုင်ငံခြားငွေဈေးနှုန်းတွေအားလုံး ဆက်လက်ကျဆင်းလာတာကို တွေ့ရပါတယ်။

 

အခုပတ်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၂၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၅၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို နှစ်ကျပ်ခန့်၊ တရုတ်တစ်ယွမ်ကို ကိုးကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၂၀ ကျပ်နဲ့ ဂျပန်ယမ်းငွေဈေးကတော့ ဒသမအနည်းငယ်သာ ကျဆင်းခဲ့ပါတယ်။

 

ဒီတစ်ပတ် နိုဝင်ဘာလ ၁၆ ရက် စနေနေ့ နိုင်ငံခြားငွေအပိတ်ဈေးတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၇၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၂၉ ကျပ်ကျော်၊ တရုတ်တစ်ယွမ်ကို ၆၂၁ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၀၀၅ ကျပ်နဲ့ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်ဈေးဖြစ်တယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price