“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (နိုဝင်ဘာ ၁၁ ကနေ ၁၆ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Nov 17, 2024

“ဆက်လက်ကျဆင်းတဲ့ ရွှေဈေး”

 

တောက်လျှောက်ကျဆင်းနေတဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေ ဒီတစ်ပတ်မှာလည်း ဆက်လက်ကျဆင်းခဲ့တာတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်ထဲ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ၆၃ သိန်းခွဲအထိရှိနေခဲ့ရာကနေ ဒီတစ်ပတ်ထဲမှာတော့ တစ်ကျပ်သား ကျပ်သိန်း ၆၀ နဲ့ ရှစ်သောင်းဝန်းကျင်အထိ ကျသွားတာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့အပတ်ကထက် တစ်ကျပ်သားကို သုံးသိန်းနီးပါးအထိ ကျဆင်းခဲ့တာပါ။

 

ဒီတစ်ပတ် နိုဝင်ဘာ ၁၁ ရက် တနင်္လာနေ့မှာ တစ်ကျပ်သား ၆၃ သိန်းစွန်းစွန်းနဲ့ ဈေးဖွင့်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အင်္ဂါနေ့မှာ ဈေးနှုန်းအတက်အကျတွေဖြစ်ခဲ့ပြီး ၆၁ သိန်း ငါးသောင်းဆိုတဲ့ အကျဈေးနဲ့ ပိတ်သွားခဲ့တာတွေ့ရပါတယ်။

 

အဲဒီနောက် ဗုဒ္ဓဟူးနေ့မှာတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ငါးသောင်းလောက် ပြန်လည်မြင့်တက်ခဲ့ပြီး ကြာသပတေးနေ့မှာတော့ အလှုပ်အခပ်တွေ ပြန်များခဲ့ပြီးနောက် တစ်ကျပ်သား ကျပ်သိန်း ၆၀ နဲ့ ရှစ်သောင်းဈေးကို ရောက်ရှိခဲ့ပါတယ်။

 

အဲဒီနောက် ရုံးပိတ်ရက်တွေဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာလည်း ကြာသပတေးနေ့ဈေးနဲ့ပဲ ငြိမ်သက်ခဲ့ပါတယ်။

 

စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေလည်း အရင်ပတ်ကထက် အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို လေးသိန်းလောက်အထိ လျော့ကျသွားတာတွေ့ရပါတယ်။

 

YGEA ရဲ့ စနေနေ့ အပိတ်ဈေးနှုန်းအနေနဲ့ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ၅၂ သိန်းနီးပါးဈေးသတ်မှတ်ထားတာတွေ့ရပါတယ်။

 

နောက်ပြီး ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးနှုန်း တောက်လျှောက်ကျဆင်းနေတဲ့ ကမ္ဘာ့ရွှေဈေးဟာလည်း ဒီတစ်ပတ်ထဲ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၁၀ ကျော် ဆက်လက်ကျဆင်းခဲ့ပါတယ်။

 

ဒီတစ်ပတ် စနေနေ့ ရွှေဈေးတွေကတော့ ၁၅ ပဲရည်တစ်ကျပ်သား ၅၇ သိန်းကျော်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၁ သိန်းနီးပါးနဲ့ ကမ္ဘာ့ရွှေတစ်အောင်စ အမေရိကန်ဒေါ်လာ ၂၅၆၃ နီးပါးရှိတယ်လို့ သိရပါတယ်။

 

 

Source – Myanmar Market Price