ပုလောမှာ တိုက်ပွဲတွေ​ ဆက်လက်ပြင်းထန်နေ

Author မင်းထက်
Categories
Published on Oct 17, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား လေးရက်မြောက်အထိတိုင် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

အောက်တိုဘာလ ၁၄ ရက်နေ့ကစပြီး ဒီကနေ့ အောက်တိုဘာ ၁၇ ရက်နေ့အထိ ပုလောမြို့နယ် ကြဲရွာအနီးတ၀ိုက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အောက်တိုဘာ ၁၄ ရက်ကတည်းက စကစတပ်တွေနဲ့ ကျွန်တော်တို့တပ်တွေ ကြဲရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်တာရှိတယ်၊ အခုထိလည်း ပစ်ခတ်မှု ရှိနေတယ်” လို့ ၎င်းက ပြောပါတယ်။

 

ပုလောမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

 

ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် နေ့မှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ စစ်ကောင်စီဘက်က ပြုလုပ်ခဲ့တာကြောင့်  ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

 

“မနေ့က ( အောက်တိုဘာ ၁၆ ) တိုက်လေယာဉ် သုံးစင်းနဲ့ ဗုံး ၁၀ လုံးထက် မနည်း ကြဲချပြီးတော့ စက်သေနတ်နဲ့ ပစ်သွားတာရှိတယ်။ ကြဲရွာထဲက နေအိမ်တချို့ ပျက်စီးတယ်။ အရေအတွက် မသိရသေးဘူး”လို့ မြိတ်ခရိုင်တပ်ရင်း ၁ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပလမြို့နဲ့ မီးလောင်ချောင်ရွာအကြားက ကျေးရွာတွေ ခုနှစ်ရွာခန့် တိမ်းရှောင်နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

တိမ်းရှောင်နေရတဲ့ ကျေးရွာတွေဖြစ်တဲ့ ကြဲရွာ၊ စက်တော်ရာ၊ ဇရပ်ဆိပ်နဲ့ တပူရွာ စတဲ့ ရွာပေါင်း ခုနစ်ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နီးစပ်ရာ ရွာတွေနဲ့ တောတောင်ဥယျာဥ်တွေထဲကို တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

 

ပုလောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စု ကားလမ်းကို အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မြိတ်ခရိုင်အမှတ် – ၁ တပ်ရင်းက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – ပုလော PDF