မောင်ဒဂုံ သီတင်းကျွတ်မှာ မပျော်နိုင်သေးပါ

Author မောင်ဒဂုံ
Categories
Published on Oct 09, 2022

ရန်ကုန် သီတင်းကျွတ် အခါသမယက ယခင်ကကဲ့သို့ စည်ကားခြင်း မရှိ။ ကျိုကျိုကြဲကြဲ ထွန်းညှိထားသည့် ဆီမီး အချို့မှ လွဲ၍ နေရာအများစုက တိတ်ဆိတ်နေခဲ့သည်။
ရေကျော်လမ်းမကြီးပေါ် ခြေစုံရပ်ပြီး ဘေးဘီကို အကဲခတ်ကြည့်မိသည်။ ဤနေရာ၌ ရေကျော်ပွဲစျေး၏ စည်ကားမှုက နိုင်ငံအတွင်း နာမည်ကျော်ခဲ့ဖူးသည်။
စီးလာသည့် ကားကို ခပ်ဝေးဝေးမှာ ရပ်၍ ပွဲစျေးရှိရာ တိုးဝှေ့လာကြသူများ အကြောင်းက ယခုတော့ အိပ်မက်မြင်ကွင်း တစ်ခုအလား ဖြစ်လာခဲ့ရသည်။ YMBA ရှေ့က အကျည်းတန် သဲအိတ်ဘန်ကာများကို ကြည့်၍ သိမ်းပိုက်ခံထားရသည့် လွတ်လပ်မှုများ အကြောင်းကို မေ့ဖျောက်၍ မရပေ။
သီတင်းကျွတ်ရောက်ပြီ ဆိုလျင် ရေကျော်ပွဲစျေးက ရန်ကုန်မြို့၌ အစည်ကားဆုံး နေရာတစ်ခု အဖြစ် တွေ့မြင်ခဲ့ရ စမြဲဖြစ်သည်။ ရေကျော်လမ်းမကြီး တစ်လျှောက် နေရာယူထားသည့် ပွဲစျေးတန်းကြီးက အစမှ အဆုံး ဖြတ်လျှောက်ရန်ပင် တစ်နာရီကျော် အချိန်ယူခဲ့ရဖူးသည်။
အနယ်နယ်အရပ်ရပ်မှ ဒေသထွက်ကုန် စားစရာများ၊ မျက်လှည့်ပွဲ၊ ဇာတ်ပွဲများ၊ ချားရဟတ်ကြီးများ စသဖြင့် စားစရာ၊ ကစားစရာ အစုံအလင်များအကြား အပြုံးစီချယ်ထားသည့် လူအများကို လှလှပပပင် တွေ့မြင်ခဲ့ရဖူးသည်။
လက်ချင်း ချိတ်ထားသည့် စုံတွဲများက ကလေးငယ်များဖြင့် လမ်းလျှောက်ထွက်လာသည့် အသိမိတ်ဆွေများကို ဤပွဲစျေးတန်း၌ ဆုံဆည်း နှုတ်ဆက်ခဲ့ကြသည်။ ဝေးကွာနေသည့် ငယ်သူငယ်ချင်းများ ဤပွဲစျေးတန်း၌ တစ်ဖန်ပြန်လည် တွေ့ဆုံ ဖြစ်ခဲ့ကြသည်။
ခရစ်ယာန်များအတွက် ခရစ္စမတ်ကာလက မိသားစုများ ပြန်လည် ဆုံဆည်းရာ ကာလ ဖြစ်သကဲ့သို့ သီတင်းကျွတ် ရေကျော်ပွဲစျေးကလည်း ရန်ကုန်မြို့ခံများအတွက် လူသားဆန်စွာ ပျော်ရွှင်မှုများ စုဆည်းရာ နေရာတစ်ခု ဖြစ်ခဲ့၏။
ရေကျော်ပွဲစျေး၌ ခရစ်ယာန် အဖိုးအိုကိုလည်း တွေ့မြင်နိုင်သည်။ မွတ်စလင် လူငယ်တစ်စုကိုလည်း တွေ့မြင်နိုင်သည်။ လူမျိုးပေါင်းစုံ ရောပြွမ်းနေသော်လည်း ရေကျော်ပွဲစျေးက သက်တံရောင်စဥ်တစ်ခုလိုပင် လှပခဲ့ဖူးသည်။
ယခုတော့ အရာရာသည် ပျောက်ဆုံးသွားခဲ့၏။ အကာအရံ အတားအဆီးများဖြင့် ရေကျော်လမ်းမကြီးက ရန်ကုန်လူထုထံမှ ခေတ္တ သိမ်းပိုက်ခံထားရသည်။ ဤနေရာ၌ ယခု လတ်တလောတော့ အမှောင်ထုက ကြီးစိုးနေသည်။
ဤနေရာ ဤပွဲစျေး၌ ဤကာလမှာပင် ဖူးစာဆုံခဲ့ဖူးသည့် ချစ်သူနှစ်ဦးတို့ ဤနေရာနှင့် အဝေးတစ်နေရာမှာ ရောက်နေခဲ့ရသည်။ ရီဝေစေသည့် အရာများကို အတူသောက်သုံးပြီး ပွဲစျေးထဲ ပျော်ဝင်ခဲ့ဖူးသည့် လူငယ်တစ်စုကလည်း တစ်ယောက်တစ်နေရာ စီ ပြန့်ကြဲလျက်။
သူတို့ထဲမှ တစ်ဦးက နိုင်ငံပျောက်သူ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ တစ်ဦးကတော့ ပြောင်းရှည်တစ်လက် ကိုင်ဆွဲလျက် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေခဲ့သည်။ ကျန်သူများထဲတွင်လည်း အကျဥ်းထောင် ရောက်သူကရောက်၊ ဖက်ဆစ်များ လက်မှ တိမ်းရှောင်ရသူကလည်း အများအပြားပင် ဖြစ်သည်။
ဖက်ဆစ် စစ်အာဏာရှင်က ရန်ကုန်၏ အသည်းနှလုံးများကို ဆွဲဆုတ်သွားခဲ့သည်။ ရန်ကုန်သည် မလျှော်ဖွတ်ရသေးသည့် အဝတ်တစ်ခုလို တွန့်ကြေ လျက်ရှိနေသည်။
ပွဲတော် ရက်များ၌ ရန်ကုန်သည် ရန်ကုန်၏ ဟန်ပန်အတိုင်း ဖြစ်လာဦးမည် မဟုတ်သေး။ ရန်ကုန်၏ ဝိညာဉ်က နတ်ဆိုးနှင့် စစ်ခင်းနေရသေးသည်။
စစ်ဖိနပ်များ ဖြတ်နင်းသွားသည့် လူငယ်များ၏ သွေးကွက်များက ရန်ကုန် လမ်းမများထက်၌ နီဆွေး စွန်းထင်းနေစဲပင် ဖြစ်သည်။ နာကျဥ်နေသည့် ရန်ကုန်က သင်္ကြန်ဆိုတာကိုလည်း မေ့ပစ်နိုင်ခဲ့သည်။
သီတင်းကျွတ်ကိုလည်း တိတ်ဆိတ်နေစေခဲ့သည်။ ပျော်ရက်ကြသူများပင် ရန်ကုန်၏ အရှိန်အဝါကြောင့် ရန်ကုန်၏ ရင်ခွင်ထဲ၌ ပျော်ဝံ့ခြင်း မရှိပေ။
ရန်ကုန်သည် အလွမ်းဆွတ်ခံ နေရာ တစ်ခု ဖြစ်လာခဲ့သည်။ ရန်ကုန်ကို လွမ်းဆွတ်နေကြသူတွေအတွက် များမကြာခင်တော့ ပြန်လာနိုင်ကြတော့မည်ဟု ထင်မြင်နေကြမည်လား မသိ။
သူတို့အားလုံး ပြန်မလာနိုင်သေး သရွေ့ ရန်ကုန်က အသက်ဝိညာဉ်ပြည့်စုံနိုင်ဖွယ်ရာလည်း ရှိမည်မဟုတ်ပေ။ ရန်ကုန်ကလည်း သူ၏ သားသမီးများကို မျှော်နေရှာပေမည်။
လွတ်လပ်ရေးကျောက်တိုင်ကြီး တစ်ဖန်ပြန်လည် လွတ်လပ်ချိန်တွင်တော့ ရန်ကုန်သည် လူငယ်များဖြင့် အသစ်ပြန်လည် မွေးဖွားလာပေလိမ့်မည်။ ထိုအချိန် မတိုင်ခင်တော့ ဤ သီတင်းကျွတ် မောင်ဒဂုံ မပျော်နိုင်သေးဟူ၍ပင် ဆိုရမည် ဖြစ်ပေသည်။
ဓာတ်ပုံ- ကျော်ဇင်ထွန်း
ပုံစာညွှန်း- ရန်ကုန်မြို့၏ သီတင်းကျွတ်ပွဲတော် ရေကျော်ပွဲစျေးပုံအဟောင်း