Pet Hotel ပေါ့ဆမှုကြောင့် ခွေးလေး သေဆုံးခဲ့ရပြီး တာဝန်ယူမှုမရှိတာကြောင့် တိချစ်သူတွေ ဝေဖန်
ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Mandalay Pet Shop, Pet Hotel & Pet Spa မှာ သွားရောက် တည်းခိုနေတဲ့ ခွေးလေး ဂူဂူးကို ဟိုတယ်တာဝန်ရှိသူတွေက သူတို့ ကြော်ငြာထားတဲ့ ဝန်ဆောင်မှုတွေကို မပေးဘဲ ထားရှိရာကနေ ခွေးမလေး ဂူဂူး သေဆုံးသွားခဲ့တာကို တာဝန်မယူလို့ တိချစ်သူတွေက တရားစွဲဆိုဖို့အထိ တောင်းဆိုနေကြပါတယ်။

ဖြစ်စဉ်ကတော့ အခု ဖေဖော်ဝါရီ ၁၃ ရက်၊ ညနေပိုင်းမှာ သခင်ဖြစ်သူက နေအိမ်ပြုပြင်နေတာကြောင့် ဂူဂူးကို Mandalay Pet Shop, Pet Hotel & Pet Spa မှာ သွားရောက် အပ်နှံခဲ့ပြီး ၂ ရက်အကြာမှာ ဂူဂူး သေဆုံးသွားပြီလို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့မနက် ၁၆ ရက်နေ့ ၁၀ နာရီမှာ ဆုံးတယ်ဆိုပြီး နေ့လယ် ၁၂ နာရီမှ ဖုန်းဆက်တယ်။ ကလေးက အကောင်းကြီး၊ ရောဂါလည်း မရှိဘူး။ သူတို့ဆီ ရောက်မှပဲ။ လိုက်သွားတော့ ကလေးက တောင့်နေပြီ။ ဘယ်ကတည်းက ဆုံးနေလဲ မသိဘူး။ CCTV တောင်းကြည့်တော့လည်း ပျက်နေတယ်ဆိုပြီး လုံးဝပေးမကြည့်ဘူး။ ဝန်ထမ်းတွေ အကုန်လုံးက အပြစ်လွတ်အောင် အကုန်အကြောင်းပြချက်မျိုးစုံပေးပြီး ပြောတယ်။ Page ထဲ ရေးထားတော့ CCTV ရှိတယ်ဆိုပြီး… နောက်တစ်ခုက ကလေးတွေထားတဲ့ အခန်းက လုံးဝပူလောင်နေတာ Air con တောင် လာမှ ဖွင့်ထားလားတော့ မသိဘူး” လို့ ဂူဂူးရဲ့ သခင်ဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

ဒါ့အပြင် ဟိုတယ်မှာ ခွေးလေးတွေကို အစာကျွေးတဲ့ ခွက်တွေဟာလည်း ဓာတ်ပုံမှတ်တမ်းတွေအရ အလွန်သန့်ရှင်းမှု အားနည်းတာကို တွေ့ရှိရပြီး သောက်သုံးရေခွက်ပါ မထားရှိပေးဘူးလို့ သိရပါတယ်။

Mandalay Pet Shop, Pet Hotel & Pet Spa ရဲ့ ပိုင်ရှင်ဟာ သရုပ်ဆောင် နဝရတ်ဖြစ်တယ်လို့ တိချစ်သူတွေ ဆိုကြပေမယ့် CJ Platform အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

တိချစ်သူတွေကတော့ Mandalay Pet Shop, Pet Hotel & Pet Spa ရဲ့ ပိုင်ရှင်လို့ဆိုသူ သရုပ်ဆောင် နဝရတ်ကိုလည်း အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

Mandalay Pet Shop ရဲ့ ကြော်ငြာတွေမှာ Air con ဖွင့်ထားပေးပြီး ၂၄ နာရီ CCTV တပ်ဆင်ထားကာ လာရောက်တည်းခိုနေတဲ့ ခွေးလေးတွေကို စောင့်ရှောက်ပေးထားတယ်လို့ ပြောဆိုထားပေမယ့် ဂူဂူးလေး ဆုံးပါးချိန်မှာ CCTV ပျက်နေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အပေါ် တိချစ်သူတွေက ဝန်ဆောင်မှုကို ကြော်ငြာထားတဲ့အတိုင်း မပေးဘဲ လာရောက်အပ်နှံထားတဲ့ ခွေးလေး သေဆုံးချိန်မှာ တာဝန်မယူခဲ့တဲ့အပေါ် ဥပဒေပညာရှင်များနဲ့ တိုင်ပင်ပြီး တရားစွဲဆိုဖို့ တောင်းဆိုနေကြပါတယ်။
ဝေဖန်ခံနေရတဲ့ Mandalay Pet Shop, Pet Hotel & Pet Spa ဟာ မြန်မာနိုင်ငံအနှံ့ ဆိုင်ခွဲပေါင်း ၆ ခုအထိ ဖွင့်လှစ်ထားတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။
