စစ်ကိုင်းမှာ အသိပညာ၊ အတတ်ပညာ အားနည်းချက်ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်နေတာလို့ စစ်ခေါင်းဆောင် ပြော

Author CJ Platform
Categories
Published on Feb 16, 2026

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ကို ရောက်ရှိခဲ့တဲ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ကိုင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ပေါများနေခြင်းဟာ အသိပညာအားနည်းမှုနဲ့ အတတ်ပညာ အားနည်းချက်တွေကြောင့် ဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ကြောင်း စစ်အုပ်စုလက်အောက်ခံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဲဒီပြောဆိုမှုကို မနေ့က ဖေဖော်ဝါရီ ၁၅ ရက်က ဟုမ္မလင်းမြို့က စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံချိန်မှာ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အခုလို စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်မှာ “စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာများ၌ ဆူပူသောင်းကျန်းမှုများ ပေါများခြင်းသည် အသိပညာ အားနည်းမှု၊ အတတ်ပညာ အားနည်းမှုများနှင့် ဆက်စပ်နေသည်ကို အခြေခံအားဖြင့် တွေ့ရှိနိုင်ကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်သော်လည်း အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နေကြကြောင်း” ဖော်ပြထားပါတယ်။

 

ဒါ့အပြင် နိုင်ငံရေးကို အကြောင်းပြပြီး ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော် သယံဇာတတွေကို တရားမဝင် တူးဖော်တာတွေ အမြောက်အမြား တွေ့ရတာ၊ လက်နက်အားကိုးနဲ့ ဒေသခံပြည်သူတွေကို ငွေကြေး အတင်းအဓမ္မ ကောက်ခံပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြတာတွေဟာ ဒေသခံပြည်သူတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေတာကြောင့် ပူးပေါင်းတိုက်ဖျက်ကြဖို့ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

စစ်အုပ်စုအနေနဲ့ နိုင်ငံတွင်း ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဆောင်ရွက်နေတာကြောင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ မရှိစေရေး အားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့ ပြောဆိုခဲ့တယ်လို့ စစ်အုပ်စုမီဒီယာတွေက ဖော်ပြထားပါတယ်။

 

စစ်အုပ်စုဟာ အညာဒေသကို နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး မြေပြင်စစ်ကြောင်းတွေဟာလည်း အရပ်သားနေထိုင်ရာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

 

ဓာတ်ပုံ – Pro-SAC