စစ်ကိုင်းမှာ စစ်ကောင်စီက အိမ်ဆောက်ပစ္စည်းတွေ ကန့်သတ်ချက်နဲ့ရောင်းလို့ မလောက်ငှဘဲ လိုအပ်မှု မြင့်နေဆဲဖြစ် စစ်ကောင်စီ ဈေးပွဲတော်မှာ သံနဲ့ ဘိလပ်မြေရောင်းမယ်ဆိုပေမဲ့ ဘိလပ်မြေနဲ့ ဝါးကိုသာ ကန့်သတ်ရောင်းချ

Author CJ Platform
Categories
Published on May 16, 2025

အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းမြို့အတွင်း အဆောက်အဦများစွာ ပြိုကျပျက်စီးခဲ့တာကြောင့် အိမ်ဆောက်ပစ္စည်းတွေ လိုချက်မြင့်မားနေချိန် စစ်ကောင်စီက စစ်ကိုင်းမြို့ထဲမှာ ဆောက်လုပ်ရေးပစ္စည်းတွေကို ဈေးပွဲတော်အဖြစ် အကန့်အသတ်နဲ့ သွားရောင်းခဲ့လို့ ဒေသခံတွေအနေနဲ့ လောက်ငှမှုမရှိဘဲ လိုအပ်ချက်တွေ မြင့်မားနေဆဲ ဖြစ်တယ်လို့ စစ်ကိုင်းမြို့က CJ Platform သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီခန့်ဝန်ကြီးတွေက ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ သံ၊ သံမဏိ၊ ဘိလပ်မြေ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို သက်သာတဲ့နှုန်းနဲ့ ရောင်းချမယ်ဆိုပြီး စစ်ကိုင်းကို လာရောက်ရောင်းချခဲ့ရာမှာတော့ ဘိလပ်မြေ၊ အုတ်၊ ၀ါးနဲ့ ၀ါးထရံတွေကိုသာ လာရောက်ရောင်းချခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

 

“ မေလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လာရောင်းတာ။ ဘိလပ်မြေ၊ အုတ်၊ ၀ါး၊ ၀ါးထရံနဲ့ လျှပ်စစ်စစ်ပစ္စည်း တွေကို လာရောင်းချတာပဲ တွေ့ရတယ် “ လို့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

အဲဒီလို စစ်ကောင်စီက လာရောက်ရောင်းချရာမှာ လိုသလောက် ရောင်းချတာမရှိဘဲ ကန့်သတ်ချက်များစွာနဲ့ ရောင်းချတာဖြစ်လို့ အဆင်မပြေကြဘူးလို့ သူက ဆက်ပြောပါတယ်။

 

စစ်ကောင်စီက ဈေးပွဲတော်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာရောင်းချမှာဖြစ်လို့ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ သံမဏိလုပ်ငန်းရှင်များအသင်း၊ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်း တို့က ဥက္ကဌနဲ့ တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။

 

အစည်းအဝေးအတွင်း စစ်ကောင်စီခန့် ဝန်ကြီးတွေက ဈေးပွဲတော်မှာ တည်ဆောက်ရေးပစ္စည်းတွေ အရည်အသွေးပြည့်မီပြီး လုံလောက်စွာရရှိစေဖို့နဲ့ အချိန်မီရရှိဖို့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ လုပ်ငန်းရှင်တွေကို ညွှန်ကြားခဲ့ပေမဲ့ လက်တွေ့မှာ လုံလောက်စွာ မရရှိဘဲ အကန့်အသတ်များစွာနဲ့သာ ရောင်းချနေတာပဲ ဖြစ်ပါတယ်။

 

“ ဝယ်မယ်ဆိုရင် အိမ်အပြိုအပျက်စာရင်း၊ မှတ်တမ်းနဲ့ အိမ်ထောင်စုစာရင်းတွေပေးပြီး ဝယ်ရတာ။ ဒါတောင် တန်းစီရသေးတယ်။ လိုသလောက်လည်း ရောင်းပေးတာမဟုတ်ဘူး “ လို့ စစ်ကိုင်းမြို့ခံ အသက် ၃၀ ဝန်ကျင် အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီက ဘိလပ်မြေတစ်အိပ်ကို ၂၁၅၀၀ ကျပ်ဈေးနဲ့ ဈေးရောင်းပွဲတော်ကနေ ရောင်းချပေးပြီး အပြင်ဆိုင်တွေမှာတော့ ဘိလပ်မြေ တစ်အိပ်ကို ၂၂၀၀၀ ကျပ်ဈေးရှိတာကြောင့် စစ်ကောင်စီရောင်းဈေးနဲ့ အပြင်ရောင်းဈေးက ၅၀၀ ကျပ်သာ ဈေးနှုန်းကွာဟတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကိုင်းမြို့တွင်းမှာလည်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်တချို့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့လို့ ဆိုင်တိုင်း မဖွင့်လှစ်နိုင်သေးဘဲ တချို့ဆိုင်တွေမှာတော့ တန်းစီပြီးဝယ်ယူနေရတာတွေရှိသလို ပုဂ္ဂလိက ဈေးဆိုင်အများစုက ငလျင်မလှုပ်ခင်က လက်ကျန်ပစ္စည်းအများစုကိုပဲ ရောင်းချနိုင်သေးတာဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်တဲ့ ဈေးကွက်ထဲ ကုန်ပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်နေပြီး စစ်ကောင်စီက သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ဘိလပ်မြေဝယ်ယူနိုင်သူတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ ကော်မရှင်စား လုပ်ငန်းရှင်တွေသာ ဖြစ်နေပြီး မြေပြင်မှာ အမှန်တကယ် ဆိုင်ဖွင့်ရောင်းချသူတွေက ဝယ်ယူလို့ မရသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

 

စစ်ကိုင်းနဲ့ မန္တလေးက ငလျင်ဘေးသင့်လို့ ပြိုကျပျက်စီးသွားတဲ့ လူနေအိမ်တွေနဲ့ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့ ဘိလပ်မြေ၊ သံနဲ့ သွပ်တွေကို စစ်ကောင်စီကနေ သင့်လျော်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံစဉ်မှာပြောကြားခဲ့ပါတယ်။

 

လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေးအတွက် ဘိလပ်မြေ၊ သံနဲ့ သွပ်တွေကို နေပြည်တော်မှာသာ ဈေးပွဲတော်အဖြစ် ရောင်းချပေးနေပြီး စစ်ကိုင်းမြို့ပေါ်က ပြည်လည်ထူထောင်ရေး ဈေးပွဲတော်မှာတော့ သံနဲ့ သွပ်အစား ဝါးနဲ့ ဝါးထရံတွေကိုသာ ရောင်းချပေးနေပါတယ်။