ကျောက်တော်မြို့ကို စစ်ကောင်စီက နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးနေရ

Author CJ Platform
Categories
Published on May 16, 2025

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က အခုရက်ပိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူတွေဟာ ဒုတိယအကြိမ် မြို့စွန့်ခွာ တိမ်းရှောင်နေရကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ကျောက်တော်မြို့ကို AA က သိမ်းပိုက်ပြီး တစ်နှစ်အကြာမှာ ဒေသခံတွေဟာ တိုက်ပွဲတွင်း တိမ်းရှောင်တဲ့ နေရာအသီးသီးကနေ ပြန်လည်ဝင်နေထိုင်ကြပေမယ့် လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေဟာ မြို့စွန့်ခွာပြီး ထပ်မံ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

 

“ကျောက်တော်မြို့မှာ လတိုင်း ဗုံးကြဲပါတယ်။ ဗုံးကြဲတိုင်းလည်း လူတွေ ထိခိုက်သေဆုံးခဲ့တယ်။ နေအိမ်တွေ ပျက်စီးရတယ်။ ဒါပေမယ့် ကျွန်တော်တို့က တိုက်ပွဲမရှိတော့ သက်သာမယ်ထင်ခဲ့တာ မဟုတ်ဘူး၊ အခုရက်ပိုင်း ပိုဆိုးလာပါတယ်။ ညဘက်ရော၊ နေ့ခင်းရော ဘယ်အချိန် ဗုံးကြဲမလဲဆိုတာပဲ စိုးရိမ်နေရပါတယ်။ ညဘက်အိပ်တော့လည်း ဗုံးကြဲမှာစိုးလို့ အိပ်မပျော်ဘူး”လို့ အသက် ၂၉ နှစ်အရွယ် ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေဟာ ကျောက်တော်မြို့နယ်ထဲက အသိမိတ်ဆွေ၊ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေမှာ အဆင်ပြေသလို နေထိုင်စားသောက်နေကြတယ်လို့ ဆိုပါတယ်။

 

“ဒီရက်ပိုင်း မြို့ထဲကနေ ရွာတွေဘက် စစ်ဘေးရှောင်တာ ပိုများလာတယ်။ မြို့ထဲမှာနေတုန်းက ကိုယ့်အိမ်မှာ အဆင်ပြေပေမယ့် စကစတွေက ဘယ်နေ့၊ ဘယ်အချိန်မှာ ဗုံးကြဲမလဲပေါ့။ ဘယ်သွားသွား၊ ဘယ်လာလာ စိတ်က အဲစိတ်ပဲဖြစ်နေတယ်”လို့ အသက် ၃၆ နှစ်အရွယ် မြို့စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျောက်တော်မြို့ခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ယမန်နေ့ မေလ ၁၅ ရက်နဲ့ မေလ ၁၄ ရက်နေ့က နှစ်ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဒါ့အပြင် ဧပြီလ ဧပြီလ ၁၃ ရက်နေ့ နဲ့ ဧပြီလ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အရပ်သား တစ်ဦး သေဆုံးပြီး ၂၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

 

လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးခဲ့တဲ့အပြင် အစိုးရ အဆောက်အဦနဲ့ အရပ်သားနေအိမ်တွေများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

ရခိုင်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အများဆုံးဖြစ်တဲ့ ကျောက်တော်မြို့မှာ ပြည်သူတွေ လေကြောင်းရန် ကာကွယ်ဖို့အတွက် AA က လေယာဥ်အချက်ပြစနစ် တပ်ဆင်ပေးထားပေမယ့် ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။

 

” AA ဘက်ကလည်း ပြည်သူတွေ အသက်လုံခြုံဖို့ အတက်နိုင်ဆုံးအနေနဲ့ လေယာဥ်အချက်ပြစနစ်တွေ တပ်ဆင်ပေးထားတယ်။ ဒါပေမယ့်လည်း အခုအခြေအနေကို ကြည့်မယ်ဆို ဒါဟာ ထိရောက်မှုမရှိဘူးလို့ ပြောလိုရတာပေါ့နော်။ ဒါကြောင့်မို့လည်း ပြည်သူတွေဟာပြင်ဆင် ထွက်ပြေးချိန်မရဘဲ ထိခိုက်သေဆုံးတာတွေရှိတာကိုး”လို့ AA နဲ့ နီးစပ်တဲ့ ကျောက်တော်မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီတပ်က ကျောက်တော်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေမှာ ပေါင် ၅၀၀ ဗုံးသီးကို အသုံးပြုပြီး တိုက်ခိုက်လေ့ရှိတဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံးမှု ပိုမိုများလာတာဖြစ်တယ်လို့ သူက ဆက်ပြီး သုံးသပ်ထားပါတယ်။

 

လက်ရှိမှာလည်း စစ်ကောင်စီတပ်က ကျောက်တော်မြို့ အနီးတဝိုက်ကို လေကြောင်းနဲ့ စောင့်ကြည့်မှုတွေရှိနေတဲ့အတွက် မြို့ခံပြည်သူတွေဟာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်လာမှာကို စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်က တစ်နိုင်ငံလုံး ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလ မေလ ၃၀ ရက်အထိ တိုးမြှင့်ထားပေမယ့် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ရသေ့တောင်နဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးကျည် ပစ်ခတ်မှု၊ စစ်ကြောင်းထိုးမှုတွေ ဆက်ရှိနေပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – မေလ ၁၄ ရက်နေ့ ကျောက်တော်မြို့ လေကြောင်း တိုက်ခိုက်မှုတွင်း ပျက်စီးသွားတဲ့နေအိမ်တွေကို တွေ့မြင်ရစဥ်