မန္တလေးက စစ်ကောင်စီဝတ်စုံနဲ့ ဓါးပြအဖွဲ့ မိပြီ

Author CJ Platform
Categories
Published on May 16, 2025

မန္တလေးမြို့ပေါ် အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်နဲ့ မြစ်ငယ်မြို့တို့မှာ စစ်ကောင်စီရဲ့ ပြောက်ကျားဝတ်စုံတွေနဲ့ ဓါးပြတိုက်လုယက်နေတဲ့ ဓါးပြအဖွဲ့ကို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ ကိုနေထက်လင်း ဆိုသူကို ဖမ်းဆီးမိရာကနေ သူ့ရဲ့ဇနီးအပါအဝင် ၁၆ ဦးကို ကွင်းဆက်တရားခံတွေအဖြစ် ထပ်မံဖမ်းဆီးရမိကာ စုစုပေါင်း ဓါးပြအဖွဲ့ဝင် ၁၇ ဦးကို ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီ ယူနီဖောင်းဝတ် ဓါးပြအဖွဲ့အနေနဲ့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မန္တလေးမြို့ပေါ်၊ အမရပူရ၊ ကျောက်ဆည်နဲ့ မြစ်ငယ်မြို့နယ်တွေရှိ ရွှေဆိုင်၊ ဖုန်းဆိုင်နဲ့ နေအိမ်တွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အနေနဲ့ တံတားဦးမြို့နယ်အတွင်းမှာလည်း ဓားပြတိုက် လုယက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီ ယူနီဖောင်းဝတ် ဓါးပြအဖွဲ့ဟာ တံတားဦးမြို့နယ်အတွင်း FORD DOUBLE CAB မော်တော်ယာဉ်ကို ဖမ်းဆီးလုယက်ခဲ့တဲ့အပြင် အမရပူရမြို့နယ်ရှိ မောင်ဒိန်းရွှေဆိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ Sky Star Mobile ဖုန်းဆိုင်၊ ကျောက်ဆည်မြို့ရှိ မြို့မဈေးအတွင်းက ရွှေဆိုင်နှစ်ဆိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ဆယ်သန်း ရွှေဆိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ ဒေါ်ဆွေဇင်ထွန်း၏နေအိမ်၊ အမရပူရမြို့နယ်ရှိ မြသဇင် အထည်ဆိုင်နဲ့ ချမ်းမြသာစည်မြို့နယ်ရှိ ရွှေဇာမဏီ ရွှေဆိုင်တို့ကို လုယူဓါးပြတိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

 

ဓါးပြအဖွဲ့ဦးဆောင်သူမှာ ကိုနေထက်လင်း ၂၉ နှစ်ဖြစ်ပြီး ကိုညီညီလွင်၊ ကိုကိုကိုလွင်၊ ကိုရဲနိုင်ဝင်း၊ ကိုဟိန်းမင်းသူ၊ ကိုမျိုးကျော်၊ ကိုမင်းသက်နိုင်၊ ကိုမင်းသက်ကို၊ ကိုဇာနည်ထွန်း၊ ကိုဉာဏ်ထက်လင်း၊ ကိုမြင့်မိုး၊ ကိုဖြူစွာမင်း၊ ကိုဇော်မျိုးထက်၊ ကိုကျော်သီဟ၊ ကိုနေမင်းအောင်၊ မမေမီမီကိုနဲ့ မသန်းသန်းစိုးပါ ဓါးပြအဖွဲ့ထဲပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

 

ဓါးပြအဖွဲ့ကို ဖမ်းဆီးခဲ့ပြီးနောက် ပစ္စတိုသေနတ် ၄ လက်၊ မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီး၊ ပြောက်ကျားဝတ်စုံ ၄ စုံနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – pro-SAC