“စက်သုံးဆီ အကျဈေးမှာရှိနေပေမဲ့ ထိုင်းမြန်မာနယ်စပ်မှာရှားပါးနေ” “ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ)

Author CJ Platform
Categories
Published on Feb 16, 2025

ဒီဇယ်ဆီဈေးဟာ ဒီနှစ် ဇန်နဝါရီ သုံးပတ်ဆက် တစ်လီတာ ၁၀၀ ကျပ်ကျော် ဆက်လက်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ပထမအပတ်မှာတော့ တစ်လီတာကို ၁၀၀ ကျပ် နီးပါသာ ပြန်ကျလာပြီးနောက် ဒီတစ်ပတ်မှာ အမြင့်ဈေးအတိုင်း ရှိနေပါတယ်။

 

ထိုင်းမြန်မာ နယ်စပ်တလျောက်မှာတော့ စစ်ကောင်စီက ဖေဖော်ဝါရီ ၇ ရက်နေ့ကစပြီး မြဝတီမြို့နယ်အတွင်း စက်သုံးဆီ သယ်ဆောင်ခွင့် ပိတ်လိုက်သလို ထိုင်းနိုင်ငံကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေ နှိမ်နှင်းနိုင်ဖို့ မြန်မာနိုင်ငံဘက်ကို ပေးပို့နေတဲ့ စက်သုံးဆီနဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်လိုက်တာကြောင့် ထိုင်းမြန်မာ နယ်စပ်က မြဝတီမြို့မှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေပြီး စက်သုံးဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေရပါတယ်။

 

ဒါ့အပြင် မြဝတီမြို့မှာ စက်သုံးဆီ စျေးနှုန်းတွေဟာ  တစ်လီတာကို ကျပ် ၂၀၀၀၀ ဝန်းကျင်ထိ မြင့်တက်သွားပြီး မြို့တွင်းမှာ ဆီဝယ်ယူရ ခက်ခဲသွားတာကြောင့် မြို့ခံတွေက ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဆီသွားရောက် ဝယ်ယူနေကြရပါတယ်။

 

မြဝတီမြို့နယ် ဘုရားသုံးဆူဘက်မှာလည်း စက်သုံးဆီတွေပြတ်လပ်သွားခဲ့ပြီး ဝင်လာတဲ့ စက်သုံးဆီတွေကို အဖွဲ့အစည်းတွေ ယာဉ်မောင်းသမားတွေကသာ ဦးစွာဝယ်ယူထားနိုင်တယ်လို့ ဒေသခံတစ်ဦးရဲ့   ပြောပြချက်အရ သိရပါတယ်။

 

တစ်နိုင်ငံလုံး အနေနဲ့တော့ ဒီတစ်ပတ် စနေနေ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီဇယ်တစ်လီတာ ၂၇၃၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၃၆၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၁၆၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၂၂၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။