ကျိုက်မရောနဲ့ အိုးဘိုထောင်တို့က နိုင်/ကျဉ်း ၂၀၀ ကျော်ကို ထောင်ပြောင်း

Author လဂွန်းအိမ်
Categories
Published on Jun 15, 2024

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်နဲ့ မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ/သား ၂၀၀ ကျော်ကို စစ်ကောင်စီ အကျဉ်းဦးစီးဌာနက ထောင်အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရပါတယ်။

ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား/သူများအပါအဝင် အကျဉ်းသား ၁၅၀ ခန့်ကို သာယာဝတီနဲ့ ဒိုက်ဦးအကျဉ်းထောင်တွေဆီ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ရဲ့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောပါတယ်။

 

ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေမှာ အကျဉ်းသားတွေဘက်က ရပ်တည်ပေးခဲ့တဲ့ ကျော်ကြားအကျဉ်းသားတွေအပါအဝင် နိုင်ကျဉ်း အမျိုးသမီး ၆၀ ခန့်နဲ့ အမျိုးသား ၅၀ ခန့် ပါဝင်တယ်လို့ သိရပါတယ်။

 

“ဒီနေ့(ဇွန် ၁၅) မနက် ၂ နာရီခွဲဝန်းကျင်လောက်ကနေ ခေါ်ထုတ်သွားခဲ့တာဗျ။ ခြေကျင်းတွေခတ်ပြီးမှ ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်သွားတယ်ဗျ” လို့ PPNM က ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

နောက်ပြီး ကျိုက်မရော အကျဉ်းထောင်မှ ထောင်ပြောင်းရွှေ့သူတွေထဲ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ တောင်သူ လယ်သမားရေးရာဌာနမှ မနုနုအောင်နဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ မခက်ခက်လွင်တို့ပါဝင်တယ်လို့လည်း ၎င်းတို့နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

 

ဒါ့အပြင် မခက်ခက်လွင်မှာ လမ်းကောင်းကောင်းမလျှောက်နိုင်လို့ သူမကိုဖမ်းခေါ်သွားချိန် ဝှီးချဲဖြင့် ခေါ်ဆောင်ခဲ့ရတယ်လို့ သိရပေမဲ့ ထောင်တွင်းမှာလည်း ဆေးကုသမှုလုံလုံလောက်လောက်မရလို့ မသက်သာဘူးလို့ ဆိုပါတယ်။

 

“ဖမ်းခေါ်သွားတုန်းကတော့ ဝှီးချဲနဲ့ခေါ်သွားတယ်ပေါ့။ အခုတော့ ဝှီးချဲတော့လွတ်သွားပြီပေါ့။ လမ်းလျှောက်နိုင်တယ်ဆိုပေမဲ့ လူတွဲမှ လျှောက်လို့ရတဲ့ အနေအထားပေါ့။ ဒီကာလထဲ ပြေးရင်းနဲ့ခိုက်မိထားတာပါ။ အဓိကကတော့ ခါးနဲ့ ခြေထောက်ခိုက်မိထားတာပါ” လို့ မခက်ခက်လွင်နဲ့ သိကျွမ်းသူက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီရဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကတော့ အကျဉ်းထောင်များရှိ အကျဉ်းသားတစ်ဦးရဲ့ အနိမ့်ဆုံးအခွင့်အရေးဖြစ်တဲ့ နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသောသောက်ရေနဲ့ သုံးရေရရှိမှု၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု ရှိ၊မရှိနဲ့ ညှဉ်းပန်းနှိပ်စက်မှု ရှိမရှိတို့ကို လိုက်လံစစ်ဆေးတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလေ့ရှိပါတယ်။

 

ထိုကဲ့သို့ စစ်ကောင်စီ လူ့အခွင့်အရေးကော်မရှင်က နှစ်စဉ် တစ်ကြိမ်လာရောက်မေးမြန်းလေ့ရှိပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမျိုးမရှိတဲ့အပြင် အကျဉ်းသားများအတွက် မည်သည့်အကူအညီမှမရရှိဘဲ ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုပါတယ်။

 

“သီးခြားတွေ့ခွင့်ပေးပေမဲ့ ဘာမှမထူးပါဘူး။ ထောင်အာဏာပိုင်တွေနဲ့ပဲ ညှိနှိုင်းပြီး ပြီးသွားတာပါ။ သူတို့ပြန်သွားရင် ထောင်အာဏာပိုင်တွေ မကြိုက်တာမေးမိတဲ့ အကျဉ်းသားကတော့ အငြှိုးခံရတာပါပဲ။ ဒါက သူတို့(စစ်ကောင်စီ)ရဲ့ ဟန်ပြသက်သက်အဖွဲ့အစည်းပါပဲ” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လက်ရှိ မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း လူဦးရေမှာ များပြားလွန်းသဖြင့် ကျောတစ်ခင်းစာနေရာမှာပင် ကြပ်တည်းစွာ အိပ်စက်နေရတယ်လို့ PPNM ရဲ့ ဇွန်လပထမပတ်ထဲ ထုတ်ပြန်ထားပါတယ်။

မန္တလေးဗဟိုအကျဉ်းထောင်ရှိ အကျဉ်းသား ၅၀ ခန့်သာ ပုံမှန်ထားလေ့ရှိတဲ့အဆောင်တွေထဲ လူဦးရေ ၁၀ဝ/၁၅၀ ခန့်အထိ စုပြုံထားနေပြီး ထပ်ခိုးရှိသော အဆောင်ခန်းများမှာ ၂၀ဝ ဦးခန့်အထိ စုပြုံထားတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – PPNM ၊ လူမှုကွန်ရက်