VPN ခွင်(ဂွင်)

တစ်နေ့တစ်နေ့ ဘာစားရမလဲဆိုတဲ့ မျက်လုံးတွေနဲ့ ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေတတ်တဲ့ လက်နက်ကိုင်စစ်ယူနီဖောင်းဝတ်လူတွေနဲ့ မြို့ကြီးကလူတွေ ရင်းနှီးနေကြပါပြီ။
အသားနက်နက်၊ ယမကာတန်ခိုးကြောင့် မျက်လုံးရဲရဲ၊ လူကြားထဲ မျက်နှာပေါ်ပေါ်ထင်ထင် မပြရဲလို့ Mask သို့မဟုတ် ပဝါစီးထားကြတဲ့ စစ်ကောင်စီမှိုင်းမိနေသူတွေအတွက် အလုပ်တစ်ခုရသွားခဲ့ပြန်ပါပြီ။
နောက်ထပ် ငွေညှစ်ခွင်(သို့မဟုတ်)ခြိမ်းခြောက်စရာတစ်ခုရသွားပြန်ပါပြီ။
အဲဒါက VPN ခွင်။
မေလနှောင်းပိုင်းကစလို့ မြန်မာနိုင်ငံထဲ Virtual Private Network လို့ အရှည်ရှိတဲ့ VPN တွေသုံးမရအောင် စစ်ကောင်စီက လုပ်ဆောင်လိုက်ပါတယ်။ အဲဒီနောက် ရက်ပိုင်းအကြာ ဇွန်လ ဒုတိယပတ်ထဲမတော့ VPN တွေ သုံးမသုံး စစ်ဆေးမှုတွေ ရှိလာနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဇွန် ၁၂၊ ၁၃၊ ၁၄ ရက်နေ့တွေမှာတော့ အမှန်တကယ်စစ်ဆေးခံရသူတွေဟာ မိသားစုဝင်တွေကို အသိပေးတာ၊ သူငယ်ချင်းမိတ်ဆွေတွေကိုသတိပေးရာကနေ အခုတော့ လွတ်လပ်တဲ့သတင်းမီဒီယာတွေထက်ကို အဲဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိလာခဲ့ပါပြီ။
ဒါကြောင့် CJ Platform သတင်းဌာနက လိုက်လံစုံစမ်းမေးမြန်းခဲ့ရာမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ကြပါတယ်။
လတ်တလော စုံစမ်းသိရသလောက် ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းထဲက ပဲခူး၊ ပြည်အပါအဝင် မြို့တချို့၊ ရှမ်းပြည်(တောင်ပိုင်း)မြို့တော် တောင်ကြီးနဲ့ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ညောင်တုန်း၊ ဓနုဖြူ၊ မြန်အောင်၊ မြောင်းမြအပါအဝင် မြို့တချို့နဲ့ ပြည်နယ်နဲ့ တိုင်းတွေက စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့မြို့တွေရဲ့ လမ်းမတွေထက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက VPN သုံးမသုံး စစ်ဆေးနေကြပြီလို့ သိရပါတယ်။
“စိုက်ပျိုးရေးနဲ့ လှည်းတန်းမှတ်တိုင်ကြားမှာ အစစ်ခံရတာ။ ဖုန်းတွေကိုစစ်တာ” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။ သူဟာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။
ရန်ကုန်မှာတော့ ရုံးဆင်းချိန်၊ စက်ရုံဆင်းချိန်တွေကို အဓိကထားစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ CJ Platform သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
“ဟုတ်တယ်။ စစ်တယ်။ တွေ့ခဲ့တယ်။ ကျွန်မက အသက်ကြီးလို့လားမသိဘူး။ အစစ်မခံရဘူး။ အမလေး ကြောက်လိုက်တာ တအားပဲ။ နောက်ဆို ဖုန်းမယူသွားတော့ဘူး” လို့ တောင်ကြီးမြို့ခံ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီလိုပဲ မန္တလေး၊ ဧရာဝတီ၊ ပဲခူးတိုင်းထဲကမြို့နယ်တွေမှာလည်း VPN သုံးမသုံးကို လမ်းမတွေပေါ် လမ်းလျှောက်သူတွေအပြင် ဆိုင်ကယ်နဲ့ ကားတွေကို ရပ်တန့်စစ်ဆေးတာမျိုးတွေအထိ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ နေရာအပေါ်၊ လူအပေါ်မူတည်ပြီး ခြိမ်းခြောက်ငွေညှစ်တာ၊ ဖုန်းသိမ်းဆည်းတာတွေအထိရှိနေသလို တချို့နေရာတွေမှာလည်း သတိပေးရုံသက်သက်ပြုလုပ်ပြီး လွှတ်ပေးတယ်လို့ စုံစမ်းသိရှိရပါတယ်။
“VPN တွေ့တော့ ဒါသုံးတာတရားမဝင်ဘူး။ အခုကတော့ သတိပေးတဲ့အနေနဲ့ပြောတာ။ နောက်အခါတွေစစ်လို့တွေ့ရင် ဒဏ်ငွေ နှစ်သိန်းအထိ ဆောင်ရမယ်လို့ ပြောလိုက်တယ်” လို့ လှိုင်သာယာမြို့ခံ ကုမ္ပဏီဝန်ထမ်းက ပြောပါတယ်။
အဲဒီလိုပဲ တောင်ကြီးမြို့ခံ အမျိုးသမီးကလည်း “ဖုန်းသိမ်းတဲ့အပြင် VPN တွေ့တာနဲ့ နှစ်သိန်းတဲ့” လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်က ဒေသခံတစ်ဦးကလည်း သူကြားသိထားရတဲ့ မြို့တွင်းကသတင်းအကြောင်း CJ Platform ကို ယခုလိုပြောပါတယ်။
“စစ်တာတွေ့တဲ့သူတွေကို ဖုန်းလည်းသိမ်းတယ်။ ပိုက်ဆံတစ်သိန်းလည်းတောင်းတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဇွန် ၁၃ ရက် ညနေပိုင်း လှိုင်သာယာစက်မှုဇုန်၊ အထည်ချုပ်စက်ရုံတွေကနေ အလုပ်ဆင်းလာတဲ့ စက်ရုံလုပ်သားတွေ စစ်ဆေးခံခဲ့ရပြီး အမျိုးသားငယ်တချို့ဖမ်းဆီးခံရတာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။
“ဖုန်းတွေစစ်လို့ အဖမ်းခံရတဲ့ အလုပ်သမားတွေလည်းတွေ့တယ်။ အဓိကစစ်တာတော့ VPN ပဲ” လို့ အဲဒီဖြစ်စဉ်ကို မျက်မြင်တွေ့လိုက်ရတဲ့ လှိုင်သာယာမြို့ခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
သူဆက်ပြီးပြောတာက VPN တွေ့တဲ့လူတချို့ အဖမ်းမခံရဘဲ သူတို့ပဲ အဖမ်းခံရတာမလို့ VPN ကြောင့် ဖမ်းတာမဖြစ်နိုင်ဘူးလို့ သုံးသပ်ပြောကြားပါတယ်။
“အဖမ်းခံရတာတော့ ယောကျ်ားလေးတွေပဲ။ VPN လောက်နဲ့တော့ မဖမ်းလောက်ပါဘူး။ တစ်ခုခုဟိုဘက်နဲ့ ဆက်သွယ်ထားတာတွေတွေ့လို့ ဖမ်းတာပဲဖြစ်မယ်” လို့ သူက ပြောပါတယ်။ တချို့ကလည်း စစ်မှုထမ်းခိုင်းဖို့ ဖမ်းတာလည်း ဖြစ်နိုင်တယ်လို့ အဲဒီဖြစ်ရပ်ကို သုံးသပ်ပြောကြားပါတယ်။
ဒီလိုဖမ်းတာ၊ ငွေညှစ်တာတွေလုပ်လာပေမဲ့ ပြည်တွင်းမှာ အခမဲ့ VPN အသုံးပြုရခက်ခဲတာတွေရှိလာနေပြီး တစ်နေကုန် VPN ရှာတာနဲ့ လုံးခြာလိုက်နေရတယ်လို့ ပြည်တွင်း VPN သုံးစွဲသူတွေက ငြီးတွားပြောဆိုကြပါတယ်။
“VPN မရလို့ ဖေ့ဘွတ်ခ်မသုံးတာ ရက်တော်တော်ကြာနေပြီ။ အဆင်ပြေမယ့် VPN ရှာရတာ ခေါင်းတော်တော်နောက်လို့ မရှာတော့ဘူး” လို့ VPN ခံစရာမလိုတဲ့ Viber App ကနေ CJ Platform ရဲ့ မေးမြန်းမှုကို ရန်ကုန်မြို့မှ သတင်းရင်းမြစ်တစ်ဦးက ပြန်လည်ဖြေကြားပါတယ်။
ဒီတော့ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ VPN တွေကို လုံးဝပိတ်ချပစ်လိုက်လို့ရပါသလား။
“မရပါဘူး” လို့ IT ပညာရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။ “IP Address တွေကိုပဲ ပိတ်ထားလို့ရတာပါ။ Ban ထားတယ်ပေါ့လေ” လို့ သူက တစ်ဆက်တည်းဆိုသလို ပြောပါတယ်။ တရုတ်နိုင်ငံလို နည်းပညာတိုးတက်ပါတယ်ဆိုတဲ့နိုင်ငံမှာတောင် VPN တွေကို လုံးဝမပိတ်ချနိုင်သေးပါဘူး။
ကမ္ဘာ့နိုင်ငံတချို့မှာ VPN အသုံးပြုမှုကို တားမြစ်ထားပါတယ်။ သူတို့ရဲ့အကြောင်းပြချက်ကတော့ များစွာရှိပါတယ်။
အဲဒီထဲကမှ အဓိက အချက်ကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူတွေဟာ VPN ခံပြီး ညစ်ညမ်း ဝက်ဘ်ဆိုက်တွေထဲ ဝင်ရောက်ကြည့်ရှုတာကို တားဆီးနိုင်ဖို့၊ ပြည်သူတွေ အင်တာနက်ကို အကျိုးရှိရှိအသုံးချနိုင်ဖို့အတွက် ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ပြည်သူတွေ မျက်စိပိတ်၊ နားပိတ် ဖြစ်စေဖို့၊ သတင်းအမှောင်ချဖို့၊ ဝါဒမှိုင်းတိုက်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ VPN ပိတ်တဲ့ရည်ရွယ်ချက်ကတော့ ဒုတိယအချက်ကြောင့်လို့ ယူဆရပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံရင့် IT ပညာရှင်ကတော့ မြန်မာနိုင်ငံမှာတော့ Free သုံးနိုင်တဲ့ IP Address တွေကို ပိတ်ထားလိုက်တာဖြစ်ပြီး စစ်ကောင်စီက ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ သူ့မှာ ပြောစရာတွေအများကြီးရှိနေတယ်လို့ သူက စကားချီပါတယ်။
မြန်မာက ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေဟာ ဖေ့ဘွတ်ခ်ပလက်ဖောင်းကိုပဲ အားပြုလုပ်ကိုင်ကြတာမလို့ VPN ကြောင့် လုပ်ကိုင်ရခက်ခဲပြီး စီးပွားရေးကျမယ့်အလားအလာရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေဟာလည်း ဖေ့ဘွတ်ခ်ပလက်ဖောင်းကနေပဲ အလှူခံ ကန်ပိန်းတွေပြုလုပ်နေတာကို စစ်ကောင်စီက ပိတ်ချင်လို့ လုပ်တာလို့ IT ပညာရှင်က ပြောပါတယ်။
နောက်ပြီး မြန်မာမှာ ပိတ်တာ Free VPN တွေကိုပဲ ပိတ်တာမလို့ ငွေပေး သုံးလို့ရတဲ့ VPN တွေကို သုံးလို့ရတယ်လို့ သူက ပြောသွားပါတယ်။
IT ပညာရှင်ကအခုလိုပြောပေမဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူလူထုကို တစ်ရစ်ချင်း ကြပ်၊ တစ်ရစ်ချင်း ထပ်တိုးပတ်နေဆဲ၊ ပတ်နေဦးမှာပါပဲ။
ဒါပေမဲ့ သူတို့မှာ ဥပဒေဆိုတာတော့ မရှိပါဘူး။ စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ နှုတ်ကထွက်တာကပဲ ဥပဒေလို့ မှတ်ယူနေကြတာပါ။ အလားတူ VPN မသုံးဖို့ ဥပဒေ၊ နည်းဥပဒေ ထုတ်ထားတာမျိုးလည်း မရှိသေးပါဘူး။ စစ်ခေါင်းဆောင်တွေရဲ့ ပါးစပ်က ထွက်လာခြင်းမျှသာဖြစ်ပါတယ်။ ဒါပေမဲ့ မူကြမ်းအဆင့် ဆိုက်ဘာလုံခြုံရေးဥပဒေတော့ ရှိပါတယ်။
အဲဒီဥပဒေကို စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က ရေးဆွဲထားခဲ့ပါတယ်။ စစ်ကောင်စီအလိုကျရေးဆွဲထားတဲ့ အဲဒီဥပဒေကို ပြည်သူလူထု ဝေဖန်မှုပြင်းထန်ခဲ့လို့ ရုတ်သိမ်းခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေမူကြမ်းဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲ ပြန်လည်ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။
အဲဒီနောက် မတရားတဲ့ ဒီဥပဒေနဲ့ပတ်သက်ပြီး ဥပဒေနှင့် ဒီမိုကရေစီစင်တာက ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ သဘောထားမှတ်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးဥပဒေရှုထောင့်ကနေ ပြဿနာတွေကို နားလည်သဘောပေါက်စေရန် အရေးပေါ်ကူညီပေးလိုတဲ့ရည်ရွယ်ချက်နဲ့ ဥပဒေနှင့် ဒီမိုကရေစီဗဟိုဌာန(CLD)က ထုတ်ခဲ့တာလို့ အဲဒီအစီရင်ခံစာထဲ ထည့်ပြောပါတယ်။
CLD ရဲ့ အစီရင်ခံစာထဲ စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေထဲမှာ ထည့်သွင်းပြဌာန်းထားတဲ့ VPN အသုံးပြုခွင့်ကန့်သတ်ချက်ကိုလည်း အချက်တစ်ချက်အနေဖြင့် ထည့်သွင်းပြောကြားထားတာကို တွေ့ရပါတယ်။
ဥပဒေမူကြမ်းထဲ VPN သုံးဖို့ ခွင့်ပြုချက်တင်ရမှာဖြစ်ပြီး ခွင့်ပြုချက်မရရင် တရားမဝင်ဘူးလို့ အခန်း ၁၅ ပုဒ်မ ၆၂ မှာ ဖော်ပြထားပါတယ်။ မလိုက်နာရင် ပုဒ်မ ၉၀ အရ ထောင်ဒဏ် ၁ နှစ် မှ ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၅၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့ ဆိုထားပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး CLD ရဲ့ သဘောထားမှတ်ချက်ကတော့ “နိုင်ငံတကာဥပဒေနဲ့ ရှင်းရှင်းလင်းလင်းဆန့်ကျင်နေတယ်” လို့ ပေးပါတယ်။ နောက် VPN ဟာ မြန်မာပြည်တွင်းက လွတ်လပ်စွာပြောဆိုနိုင်ခွင့်ကို ရိုးရိုးရှင်းရှင်းကျင့်သုံးဖို့ကြိုးစားနေသူတွေအတွက် အသက်သွေးကြောတစ်ခုလို့ CLD အစီရင်ခံစာထဲ ထည့်သွင်းဖော်ပြထားချက်အရ သိရပါတယ်။
နောက်ပြီး စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေဆိုတာဟာ ဥပဒေကြမ်းအဆင့်မှာပဲ ရှိနေဆဲဖြစ်သလို ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီ၊ ဦးစီးကော်မတီနဲ့ လုပ်ငန်းတာဝန်တွေလည်း အခုထက်ထိ မခွဲခြမ်းနိုင်သေးပါဘူး။
ဒါကြောင့် ဘယ်လိုဥပဒေနဲ့မှ အရေးယူလို့ မရနိုင်သေးတဲ့ VPN အသုံးပြုမှုကို စစ်ကောင်စီတပ်သားတွေကတော့ နိုင်ငံအနှံ့က လမ်းမတွေထက် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေး ခြိမ်းခြောက် ငွေညှစ်မှုတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီလက်အောက်ခံတွေအတွက် VPN စားခွင်(ဂွင်)ဟာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့်ရှိလာပါဦးမလဲဆိုတာ မသိနိုင်ပါဘူး။
ဒါပေမဲ့ IT ပညာရှင်ကတော့ အခုလို မှတ်ချက်ပေးပြောကြားလာပါတယ်။
“တစ်ခုခု အပိတ်သဘောမျိုးဖြစ်တိုင်း ထွက်ပေါက်တစ်ခုကတော့ ရှိနေဦးမှာပါပဲ” ဟုသာ…