တောင်ကုတ်မြို့မှာ ဒီကနေ့ ဘာတွေဖြစ်နေလဲ

Author ပြည်စိုး
Categories
Published on Jun 15, 2024

အာရက္ခတပ်တော် AA က ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မြို့နေလူထု သုံးပုံနှစ်ပုံဟာ မြို့ပေါ်မှာ ရှိမနေကြတော့ပါဘူး။ တိုက်ပွဲတွေ မပြင်းထန်လာမီ ဒေသခံအများစုဟာ ထွက်ပြေး တိမ်းရှောင်သွားကြပါပြီ။ တောင်ကုတ်မြို့ပေါ် ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist ကတော့ မြို့ပေါ်အခြေအနေနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို စုစည်းပြီးတော့ အခုလို သတင်းပေးပို့လာပါတယ်။

 

  • ပန်းတောင်-တောင်ကုတ်လမ်း ၈၈မိုင်မှာ လွန်ခဲ့တဲ့ လေးရက်က AAက ဂိတ်တစ်ခုလာဖွင့်တယ်၊ တစ်နေ့ပဲ စခန်းထိုင်ပြီး ပြန်ရုပ်သိမ်းသွားတယ်။
  • အဲဒီလမ်းပေါ်မှာ တောင်ကုတ်ကနေ ဥသျှစ်ပင်မြို့ထိက စစ်ကောင်စီဂိတ်တွေချည်းပဲရှိနေတယ်။
  • စစ်ကောင်စီက တက္ကသိုလ်ထဲမှာ အမြောက်တွေ ဝင်ဆင်ထားတယ်၊ နေ့တိုင်း အမြာက်စမ်းတယ်။
  • ခရီးသွားလာဖို့ ထွေအုပ်၊ရဲစခန်း၊ တပ်ကို တင်ပြရတယ် အဲဒီကနေ ထောက်ခံစာရမှ သွားလို့ရတယ်။
  • တောင်ကုတ်ကနေ ထွက်ဖို့က ပြည်မြို့ဘက် တစ်လမ်းပဲရှိမယ်၊ ကျန်တဲ့လမ်းတွေက အကုန်ပိတ်ထားတယ်၊ မဟုတ်ရင် ပင်လယ်ထဲ ထွက်နေဖို့ပဲရှိတယ်။
  • ပြည်ဘက်ကိုက သူဌေးတွေပဲ သွားနိုင်တယ် အနည်းဆုံး သိန်းသုံးဆယ်လောက်ကုန်တယ်။
  • ပိုက်ဆံမတတ်နိုင်သူတွေက တောင်ကုတ်က ကျွန်းရွာတွေဘက်ကို ဟွန်ဒါစက်လှေလေးတွေ ငှါးပြီး ပြေးကြတယ် တစ်စင်းကို နှစ်သိန်းပေါက်စျေးရှိတယ်။
  • ပင်လယ်ဘက်ကို ပြေးတာက စိတ်မချရဘူး မိုးအရမ်းကြီးနေတယ် လှိုင်းတွေက အရမ်းကြောက်ဖို့ ကောင်းတယ် လှေမှောက်သူတွေရှိတယ် ကြားရပေမယ့် အတည်မပြုနိုင်ဘူး။
  • အခုစက်သုံးဆီစျေးက 92 တစ်လီတာကို ၁၇၀၀၀ ပေါက်တယ်၊ ကြက်ဥက တစ်လုံး ၆၅၀၊ စားအုန်းဆီက ရွိုင်ရယ်ဒီပုလင်းလေးနဲ့တောင် ၇၀၀၀၊ ကြက်သွန်နီက တစ်ပိဿာ ၁၈၀၀၀၊ ကြက်သွန်ဖြူက တစ်ပိဿာ ၃၅၀၀၀၊ သွားတိုက်တံတစ်ချောင်း ၄၀၀၀၊ ဆန်ကွဲပါတဲ့ ဆန်ကြမ်းက တစ်ပြည်ကို ၄၅၀၀။
  • ဒီမနက် ကော်ဖီတစ်ခွက်ကို ၁၃၀၀ ပေးသောက်လာရတယ် အီကြာကွေးတစ်ချောင်းကို ၁၃၀၀ ပေးပြီး စားခဲ့ရတယ် လို့ မြို့ပေါ် အခြေအနေတွေကို ပြောလာပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ တပ်နဲ့ရဲအရာရှိတွေရဲ့ မိသားစုဝင်တွေဟာ တောင်ကုတ်မြို့ကနေ ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့လည်း သိရပါတယ်။

 

“ရဲမှူးမိသားစုလည်းပြေးပြီ၊ အခု ကျောက်ဖြူ၊ စစ်တွေကို AAကဝိုင်းထားတယ်၊ အမ်း၊ သံတွဲ၊ မောင်တောမှာ တိုက်ပွဲဖြစ်နေတယ်၊ တောင်ကုတ်မှာက စစ်ကောင်စီက ထွက်ပေါက်မရှိဘူး ပင်လယ်နဲ့ ပြည်ဘက်ပဲ ရှိတာ၊ အခုထိတော့ သူတို့တွေ ဂိတ်တွေဖွင့်ပြီး ပိုက်ဆံတောင်းကောင်းတုန်း၊ ဂိတ်ဖြတ်ရင်းနဲ့ သူတို့ ပြောစကားတွေကြားရတယ် အချို့က လာတိုက်ရင် လက်နက်ချမယ်၊ အချို့ ပြန်ခံချမယ်ပေါ့၊ လောလောဆယ် အင်တာနက်လိုင်းရနေသေးတယ် အဆက်အသွယ်ပြတ်သွားရင် စိတ်မပူပါနဲ့ ကျွန်မလုံခြုံတဲ့နေရာရောက်တာနဲ့ ပြန်ဆက်သွယ်ပါမယ်”လို့ တောင်ကုတ်မြို့ပေါ် ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။