ဆီဆိုင်ရှိ ရွာနှစ်ရွာကို စစ်ကောင်စီ ပိတ်ဆို့ထား၊ ရွာပြင်ထွက်လျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်

Published on May 01, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ကျေးရွာနှစ်ခုကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ပိတ်ဆို့ထားပြီး ရွာပြင်ထွက်လျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(‌PNLA) ပြောခွင့်ရသူ ခွန်ယိမ်းရံက CJ Platform သို့ပြောသည်။

 

ယင်းမြို့နယ်အတွင်းရှိ ထမ်းယံနှင့် ပန်အွန်းကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်များသည် ဧပြီလ ၁၇ ရက်နေ့နောက်ပိုင်းမှစတင်၍ ကျေးရွာဒေသခံများကို ရွာပြင်ထွက်ခွင့်ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

“ဒေသခံတွေကို အဲဒီလိုလုပ်ထားတာ တစ်ပတ်ကျော်၊ နှစ်ပတ်နီးပါးရှိပါပြီ။ တောင်ယာတွေကို မပေးသွားဘူး။ ခုက တောင်ယာရှင်းလင်းချိန်လေ။ မကြာခင် စိုက်ရပျိုးရတော့မယ်။ ခုက အဲဒီလိုပိတ်ပင်ထားလို့ စားဖို့သောက်ဖို့ တောင်ရှာမရတော့ဘူး။ ပြည်သူလူထုကို ငတ်အောင်လုပ်နေတာ” ဟု PNLA သတင်းတာဝန်ခံက ပြောသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံကျေးရွာသူ/သားများကို ကျေးရွာအပြင်ဘက်တွင်တွေ့ပါက တော်လှန်ရေးသမားအဖြစ်သတ်မှတ်ပြီး ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း ခွန်ရိန်းယံက ပြောသည်။

 

ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့များသည် ဆီဆိုင်မြို့နယ်၊ ဝိန်းလုံကျေးရွာအတွင်းသို့ ဒရုန်းဖြင့် လေးကြိမ်၊ လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဝိန်းလုံကျေးရွာ ပတ်ဝန်းကျင်တွင်လည်း ဒရုန်းဖြင့် ခြောက်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ခွန်ဖူးဆို(၈ နှစ်)၊ နန်းရွှေစင် (၆ နှစ်)နှင့် နန်းဒွုတ်(၂၉ နှစ်)တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း PNLA က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်