တာလယ် မဆုတ်တမ်း ခံစစ်စခန်းကို ကရင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်၊ ပိုင်ကျုံမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ကာတဲကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ဗျူဟာစခန်းဖြစ်တဲ့ တာလယ် မဆုတ်တမ်းခံစစ်စခန်းကို KNU တပ်မဟာ(၇) လက်အောက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ညမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ တညာကျိုး(ခ) တာလယ်ဗျုဟာစခန်းဟာ ထိုင်း-မြန်မာနယ်စပ်အနီးမှာတည်ရှိကာ အမှတ်(၂၄) ခြေလျင်တပ်ရင်း (ခလရ-၂၄) နဲ့ အမြောက်တပ် အမတ−၃၁၁တို့ အခြေစိုက်ထားတဲ့ ဗျူဟာစခန်းဖြစ်ပြီး KNLA ပူးပေါင်းတပ်က ၅ ရက်ကြာတိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီအမြောက်တပ်က ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရသလို ခလရ-၂၄ ရဲ့ ဒုတပ်ရင်းမှူးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့အပြင် အခြားထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ် ဒါဇင်နဲ့ချီသိမ်းဆည်းရမိတဲ့အပြင် ခဲယမ်းများလည်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရသိရပါတယ်။
စစ်ကောင်စီရဲ့ တညာကျိုး(ခ) တာလယ်ဗျုဟာစခန်းကို ၁၉၈၆ ခုနှစ်က တည်ဆောက်ခဲ့ကာ ၃၈ နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့တပ်စခန်းဖြစ်ပြီး အင်အား ၄၀ ကျော်ရှိတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။
စခန်းသိမ်းတိုက်ပွဲ စတင်တဲ့အချိန်ကစလို့ တာလယ်ဗျူဟာစခန်း အနီးဝန်းကျင်ရှိ ဒေသခံပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်ခဲ့နေကြရတယ်လို့လည်း သိရပါတယ်။
တာလယ်ဗျုဟာစခန်း စတင်တည်ဆောက်ပြီးချိန်ကစပြီး ဒေသခံပြည်သူတွေအနေနဲ့ လွတ်လပ်စွာ သွားလာလုပ်ကိုင် ရှာဖွေစားသောက်ခွင့်တွေ ဆုံးရှုံးခဲ့ရပြီး အခုအခါ စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ပြီ ဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မူလအခြေအနေများအတိုင်း ပြန်လည် လုပ်ကိုင်ရှာဖွေစားသောက် နိုင်တော့မှာ ဖြစ်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(K.N.L.A)ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကလည်း ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ တခေါ်ဘီခွီးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ ထီးခီးစခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။
ဓါတ်ပုံ − KNU
ပုံစာ – တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းအား သိမ်းပိုက်ရရှိမှုမြင်ကွင်းများ။