စစ်ကောင်စီစစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တာကြောင့် ဖွဲ့စည်းပုံပျက်ကာ စစ်ကြောင်း ပြန်လှည့်သွား စစ်ကြောင်းရောက်ရှိခဲ့တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း ပခုက္ကူမြို့နယ်ကနေ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အင်အား ၁၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကနေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်း ဖွဲ့စည်းပုံပျက်ကာ ပြန်လည်ဆုတ်ခွာသွားရတယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။
ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်မ (၁၀၁) နဲ့ စလင်းမြို့အခြေစိုက် အမှတ်(၂၅၄)ခြေလျင်တပ်ရင်း ခလရ-၂၅၄ တို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး အညာမြေတပ်ပေါင်းစုနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“ စစ်ကြောင်းဝင်လာချိန်မှာ အချိန်မီရှောင်နိုင်လို့ ပြည်သူတွေ လွတ်မြောက်ပါတယ်။ နေအိမ် ၃၉လုံးကတော့ မီးရှို့ခံရပါတယ် “ လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က CJ Platform ကိုပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့နယ် လေးတန်းကျေးရွာ၊ သစ်တောကြီးကျေးရွာနဲ့ ပေါက်ပင်ကျေးရွာအနီးမှာ မေလ ၂ ရက်နေ့က စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး တော်လှန်ရေးအင်အားစု တွေရဲ့ ဟန့်တားဖြတ်တောက်ခဲ့တာကြောင့် ပိတ်မိကာ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်ခဲ့တာပါ။
ပိတ်မိနေတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေအတွင်းရှိ ဘာသာရေးအဆောက်အဦတွေ နေအိမ်တွေကို မွှေနှောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သစ်ကြီးတောရွာက နေအိမ် (၆) လုံး၊ ပေါက်ပင်ကိုင်းကျေးရွာက နေအိမ် (၃၃)လုံး စုစုပေါင်းပြည်သူ့နေအိမ် (၃၉)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ပခုက္ကူတပ်မ (၁၀၁)က ပါရာမော်တာတွေ၊ မကွေးလေတပ်၊ မိတ္ထီလာရှမ်းတဲလေတပ် စတဲ့နေရာတွေကနေ ဂျက်ဖိုက်တာတွေ၊ Y12 တွေ၊ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့လည်း ဆုတ်ခွာသွားခဲ့ရတာပါတယ်။
“ အခုဆိုရင် တော်လှန်ရေးအင်အားစုတွေက ပိုပြီး ညီညွတ်စည်းလုံးလာကြပါတယ်။ ဒီညီညွတ်မှုကြောင့်ပဲ စစ်ကောင်စီရဲ့ ပူးပေါင်းတပ်ကို ပိတ်ဆို့နိုင်ခဲ့တာပါ။ ရှေ့ဆက်ပြီးလည်း အင်အားစုတွေ အခုလိုပဲ ညီညွတ်ကြဖို့ ဆန္ဒပြုပါတယ် “ လို့ ကိုဘိုဘိုသန့်ဇင်က CJ Platform ကိုပြောပါတယ်။
တိုက်ပွဲအတွင်း MA 1 သေနတ် ၁ လက်၊ ကျည် ၅၀၀ ကျော် အခြားဆက်စပ်ပစ္စည်းတွေနဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိ ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကို အညာမြေတပ်ပေါင်းစုနဲ့အတူ မြိုင်(ပကဖ)၊ ပေါက်(ပကဖ)၊ ပခုက္ကူ (ပကဖ) တပ်ရင်း (၁)၊ ပခုက္ကူခရိုင် အမှတ် (၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇)တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF)၊ ကမ္မတပ်ပေါင်းစု၊ 8+တပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MGPDF)၊ PPDF ၊ PLCတပ်ပေါင်းစု၊ Bo Brother တပ်ပေါင်းစု၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့နဲ့ Earthquake တပ်ဖွဲ့ တို့ ပူပေါင်းလုပ်ဆောင်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ အထိအခိုက်မရှိခဲ့ဘူးလို့ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု